အများပြည်သူအတွက်စာကြည့်တိုက်ကို ၁၇၉၃ မှာဒိန်းမတ်နိုင်ငံရဲ့မြို့တော် ကိုပင်ဟေဂင်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရပါတယ်။
ကိုပင်ဟေဂင်မြို့မှာယခုရှိတဲ့ ရိုင်ရယ်စာကြည့်တိုက်ဟာဆိုရင် စကင်ဒီနေဗီယန်းနိုင်ငံတွေထဲမှာ အကြီးဆုံးစာကြည့်တိုက်ဖြစ်တဲ့အပြင် အမျိုးသားစာကြည့်တိုက်နဲ့
ကိုပင်ဟေဂင်တက္ကသိုလ်ရဲ့ စာကြည့်တိုက်လည်း ဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံအမျိုးသားစာကြည့်တိုက်
နိုင်ငံတစ်နိုင်ငံရဲ့အသိပညာဖွံ့ဖြိုးမှုမှာ စာကြည့်တိုက်လုပ်ငန်းက အရေးပါတဲ့ ကဏ္ဍမှာရှိနေတာကြောင့် ဒိန်းမတ်နိုင်ငံရဲ့ အောင်မြင်မှုရနေတဲ့ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းကို လက်လှမ်းမှီသရွေ့ တင်ပြလိုက်ရခြင်းပါ။ ကျွန်တော်တို့နိုင်ငံမှာလည်း စာကြည့်တိုက်တွေ ရှိသင့်သလောက်တော့ ရှိပြီးဖြစ်နေပေမယ့် ပြည်သူအများစုကစာကြည့်တိုက် နဲ့စိမ်းနေကြသေးတာ ကိုတွေ့ရပါတယ်။
ဒိန်းမတ်နိုင်ငံမှာတော့အဲဒီလိုမဟုတ်ဘဲ မူလတန်းကျောင်းသားမှအစ သက်ကြီးရွယ်အိုအဆုံး စာကြည့်တိုက် ကိုသွားကြတာတွေ့ရပါတယ်။ စာကြည့်တိုက်ကို မသွားမဖြစ်အောင်လည်း စာသင်ကျောင်းတွေက ညွှန်းပေးကြပါတယ်။ ဥပမာ အတန်းထဲမှာ အဖွဲ့လိုက်ဆောင်ရွက်ကြရမယ့် သုတေသနလုပ်ငန်းလေးတွေ
ချပေးတဲ့အခါမှာ ကျောင်းစာကြည့်တိုက်နဲ့တင် မလုံလောက်တော့ဘဲ ပြည်သူ့စာကြည့်တိုက်တွေမှာ အဖွဲ့လိုက်သွားရောက်ရှာဖွေဌားရမ်းကြရပါတော့တယ်။ ပြောရရင်ဒိန်းမတ်မှာ နေထိုင်ဘို့လာရောက်ကြတဲ့ နိုင်ငံခြားသားတွေတောင်စာကြည့်တိုက်နဲ့မကင်းနိုင်ကြပါဘူး။
ဒိန်းမတ်ကသူ့စာသူ့စကားကို အလွန်တန်ဘိုးထားတဲ့နိုင်ငံဖြစ်တာနဲ့အညီ မြို့ကြီးတိုင်းမှာလည်း ဒိန်းမတ်ဘာသာစကားကျောင်းတွေဖွင့်လှစ်ထားပါတယ်။ ယေဘုယျအားဖြင့်ပြောရရင် ဒိန်းမတ်ကိုနေထိုင်ဖို့(သို့) အလုပ်လုပ်ဖို့ ရောက်လာတဲ့ သံတမန်ဝန်ထမ်းကလွဲရင်ကျန်တဲ့နိုင်ငံခြားသားမှန်သမျှ ဒိန်းမတ်ဘာသာသင်တန်းကျောင်းကို မဖြစ်မနေတက်ရောက်ရမှာဖြစ်ပါတယ်။
ကုန်ကုန်ပြောရရင် ရုရှား၊ ယူကရိန်း၊ ဖင်လန်၊ ပိုလန် စတဲ့နိုင်ငံတွေက ဒိန်းမတ်နိုင်ငံကို အိမ်အကူအလုပ်
လုပ်ဖို့ရောက်လာတဲ့ မိန်းခလေးတွေတောင် တစ်ပတ်မှာ ၃ ရက်အဲဒီကျောင်းကိုတက်ရပါတယ်။ အလုပ်ရှင်ကလဲ ခွင့်ပြုပေးရပြီး ကျောင်းသွားဖို့ ခရီးစားရိတ်ကိုမြို့နယ်အာဏာပိုင်အဖွဲ့အစည်းက
ထောက်ပံ့ပေးပါတယ်။ ပြောလိုတာက ကျောင်းစတက်လို့ စာစဖတ်နိုင်တဲ့အဆင့်လောက်ရောက်ပြီဆို ဖတ်ရလွယ်ကူတဲ့ဝတ္ထုစာအုပ်ပါးလေးတွေကိုစာကြည့်တိုက်မှာသွားရောက်ဌားရမ်းကြရမှာဘဲ ဖြစ်ပါတယ်။
ကျောင်းသား၊ ကျောင်းသူတွေကိုလည်း စာကြည့်တိုက်ကို လေ့လာရေးခရီးပို့ပေးလေ့ရှိကြပါတယ်။
စာအုပ်လာဌားတဲ့ကျောင်းသူတွေ
ပြည်သူ့စာကြည့်တိုက်များ
ဒိန်းမတ်နိုင်ငံရဲ့ကျောင်းတိုင်းမှာ ကိုယ်ပိုင်စာကြည့်တိုက်တွေရှိကြသလို မြို့လေးတိုင်းမှာလဲ
မြို့နယ်အာဏာပိုင်အဖွဲ့အစည်းက ဖွင့်လှစ်ထားတဲ့ ပြည်သူ့စာကြည့်တိုက်တွေရှိပါတယ်။ မည်သူမဆို ၀င်ရောက်ဖတ်ရှုလေ့လာနိုင်ပြီး ဒိန်းမတ်မှာတရားဝင်နေထိုင်ခွင့်ရထားတဲ့သူတိုင်း စာကြည့်တိုက်ပစ္စည်းတွေကို မိမိမှာရှိတဲ့အ၀ါရောင်ကတ်ပြားနဲ့ဘဲဌားရမ်းနိုင်ပါတယ်။ ဒိန်းမတ်မှာ နိုင်ငံသားကော မှီတင်းနေထိုင်သူများကိုပါ အဲဒီအ၀ါရောင်ကတ်ပြားထုတ်ပေးထားပြီးကျန်းမာရေးပိုင်းဆိုင်ရာ ကိစ္စများနဲ့စာကြည့်တိုက်ကဌားရမ်းတဲ့ကိစ္စတွေမှာ အသုံးပြုနိုင်ပါတယ်။
စာကြည့်တိုက်များကိုလဲ မြို့ရဲ့အချက်အချာကျတဲ့နေရာများမှာဖွင့်လှစ်ထားလေ့ရှိပြီး အသွားအလာ
အဆင်ပြေတဲ့နေရာများမှာ ထားရှိလေ့ရှိပါတယ်။
ကျွန်တော်နေထိုင်တဲ့ (Gribskov) ဂရစ်စကို့ မြို့နယ်မှာလူဦးရေ ၄သောင်းဝန်းကျင်ရှိပြီးတော့
ပြည်သူ့စာကြည့်တိုက် ၆ လုံးရှိပါတယ်။ တစ်ချို့ကိုကျောင်းဝန်းထဲမှာဘဲတွဲဖွင့်ထားတာပါ။
ပြည်သူ့စာကြည့်တိုက်များကို သက်ဆိုင်ရာမြို့နယ်၊ အာဏာပိုင်အဖွဲ့အစည်းရဲ့လက်အောက်မှာ
ထားရှိပါတယ်။ နိုင်ငံတော်ကနှစ်စဉ် မြို့နယ်အားလုံးကို အဲဒီမြို့နယ်ရဲ့ဝင်ငွေ၊ ထွက်ငွေအတိုင်းအတာ
အလိုက် အသုံးစားရိတ်များချပေးလေ့ရှိပြီး အဲဒီ မြို့နယ်အာဏာပိုင်အဖွဲ့မှတဆင့် ပြည်သူ့စာကြည့်တိုက်
အတွက်အသုံးစားရိတ်များသတ်မှတ်ပေးကာ စာကြည့်တိုက်လုပ်ငန်းကိုလည်ပတ်စေတာပါ။
၂၀၀၈ ခုနှစ်ဝန်းကျင်ကစလို့ ဒိန်းမတ်နိုင်ငံရဲ့စီးပွါးရေးအကြပ်အတည်းကြောင့် စာတိုက်တွေ၊ ဆေးရုံအချို့တွေ
ဟော်တယ်၊ ဘဏ် အချို့တွေ ပိတ်လိုက်ရ၊ ပေါင်းလိုက်ကြရပေမဲ့ ၀င်ငွေပြောပလောက်အောင်မရှိဘဲ ထွက်ငွေသာများတဲ့ ပြည်သူ့စာကြည့်တိုက်တစ်လုံးမှပိတ်လိုက်တာ၊ ပေါင်းလိုက်တာမျိုး
မရှိဘဲ အရှိန်အဟုန်မပျက်ဆက်လက်လည်ပတ်စေတာဟာသတိပြုစရာအလွန်ကောင်းပါတယ်။
ပြည်သူ့စာကြည့်တိုက်တစ်ခုရဲ့အ၀င်ပေါက်မြင်ကွင်း
ကျွန်တော်တို့နိုင်ငံလို ကိုယ်ထူကိုယ်ထစာကြည့်တိုက်တွေထောင်စရာမလိုအောင် ပြည်သူ့စာကြည့်တိုက်
များဟာ ကျောင်းသား၊ ပြည်သူတွေအတွက်လုံလောက်မှုရှိတာတွေ့ရမှာပါ။ တစ်ကယ်တန်းပြောရရင်လဲ
အဲဒီစာကြည့်တိုက်တွေလည်ပတ်နေတဲ့အသုံးစားရိတ်ဟာ ပြည်သူတွေဆီကစည်းကြပ်ထားတဲ့ဝင်ငွေခွန်၊
ပြည်သူ့ ဘဏ္ဍာငွေများကဘဲဖြစ်ပါတယ်။ ဒါကြောင့်ဒီနိုင်ငံကသူတွေဟာ မိမိကိုယ်ပိုင်စာကြည့်တိုက်ကို
သွားရသလိုမျိုး ယုံကြည်မှုအပြည့်နဲ့စာကြည့်တိုက်တွေကိုဝင်ထွက်သွားလာကြတာကိုတွေ့မြင်ရပါတယ်။
စာကြည့်တိုက်ဝန်ထမ်းများဟာလဲ လာသမျှသူတွေကိုလိုအပ်တဲ့အကူအညီပေးဖို့အဆင်သင့်ဖြစ်နေကြပြီး စာကြည့်တိုက်ပညာဒီပလိုမာ ရရှိထားကြသူများဖြစ်ကြပါတယ်။ ပြည်သူတွေဟာ မိမိမှာရှိတဲ့အ၀ါရောင်
ကတ်ပြားနဲ့ မိမိနဲ့သက်ဆိုင်ရာမြို့နယ်ရဲ့ပြည်သူ့စာကြည့်တိုက်မှာသာမက တစ်နိုင်ငံလုံးမှာရှိတဲ့
မည်သည့်မြို့နယ်ပြည်သူ့စာကြည့်တိုက်မှာမဆို မှတ်ပုံတင်ပြီးအခမဲ့ဌားရမ်းမှုပြုလုပ်နိုင်ကြပါတယ်။
နိုင်ငံတော်ကနေ လုံလောက်မှုရှိတဲ့လစာကိုသတ်မှတ်ပေးထားတာကြောင့်ပြည်သူတွေဟာ
စာအုပ်တွေကိုဝယ်ဖတ်နိုင်တဲ့အပြင် အလကားဌားဖတ်လို့ရအောင်လည်း ပြည်သူ့စာကြည့်တိုက်တွေမှာ
စာအုပ်မျိုးစုံကို ထားရှိပေးထားပါတယ်။ ဒါကြောင့်လဲဘဲဒီနိုင်ငံမှာစာအုပ်အဌားဆိုင်မရှိခဲ့ပါဘူး။ ကျွန်တော်
တို့တုန်းကတော့စာအုပ်အဌားဆိုင်ရှိပေလို့ဘဲစာအုပ်တွေဖတ်နိုင်ခဲ့တာပါ။
ပြည်သူ့စာကြည့်တိုက်၏၀န်ဆောင်မှုနှင့်စွဲဆောင်မှု
ပြည်သူ့စာကြည့်တိုက်တွေမှာထူးခြားတာတစ်ခုက ကလေးသူငယ်တွေအတွက်
သီးသန့်နေရာတစ်ခုထားရှိပေးထားတာပါဘဲ။ သူတို့စိတ်ဝင်စားတဲ့ စာအုပ်တွေ၊ ပုံပြင်၊ကာတွန်းတွေ၊ ရုပ်ရှင်တွေ၊ Playstation တွေထားပေးတဲ့အပြင်ကစားစရာတွေပါထားရှိပေးထားပါတယ်။
စာကြည့်တိုက်မှာပျော်နေတဲ့ကလေးများ
စာကြည့်တိုက်ရဲ့စာဖတ်ခန်းမှာနေ့စဉ်ထုတ်သတင်းစာများ၊ မဂ္ဂဇင်း၊ ဂျာနယ်များကို ဖတ်ရှုနိုင်ကြပြီး
အင်တာနက်အသုံးပြု နိုင်ကြပါတယ်။ စာအုပ်များ၊ မျက်လုံးချို့ယွင်းနေသူများအတွက်
နားထောင်စာအုပ်များ(CD)၊ တေးဂီတ CD၊ LD ချပ်များ၊ Documentary များဌားရမ်းမည်ဆိုပါက အရေအတွက်အကန့်အသတ် မရှိဘဲ ၁ လကြာဌားရမ်းနိုင်ပါတယ်။ ရုပ်ရှင် DVD၊ Video ခွေများ
ဌားရမ်းမယ်ဆိုရင်တော့ စာကြည့်တိုက်လိုက်လို့ ၁ ပါတ်ကနေ ၂ ပါတ်အထိဌားရမ်းကြည့်ရှု
နိုင်ကြပါတယ်။ တစ်ကြိမ်ဌားရင်ရုပ်ရှင် ၄ကားကနေ ဒီထက်ပိုဌားလို့ရတဲ့စာကြည့်တိုက်တွေလဲရှိပါတယ်။
ဌားရမ်းခြင်းကိုတော့ကိုယ်တိုင်သွားရောက်ပြုလုပ်ရမှာဖြစ်ပြီး သတ်မှတ်ရက်ထက်ကျော်လွန်ပြီး
အဌားသက်တမ်းတိုးချင်ရင်တော့ အွန်လိုင်းမှတိုးလို့ရအောင် စာကြည့်တိုက်တိုင်းမှာကိုယ်ပိုင် အင်တာနက်
စာမျက်နှာတွေထားရှိပေးထားပါတယ်။
တစ်ခြားသူတစ်ဦးကမှာမထားတဲ့ပစ္စည်းဆိုရင်သက်တမ်းတိုးလို့ရပါတယ်။
အလွန်ကောင်းတဲ့ဝန်ဆောင်မှုတစ်ခုကိုပြောရမယ်ဆိုရင်တော့
မိမိနဲ့သွားရလာရတာအဆင်ပြေတဲ့စာကြည့်တိုက်မှာ ဖတ်ချင်၊ ကြည့်ချင်တဲ့ စာအုပ်၊ ရုပ်ရှင်မရှိရင်လည်း
အဲဒီစာကြည့်တိုက်မှာဘဲ လူကိုယ်တိုင်သော်လည်းကောင်း၊ အွန်လိုင်းမှသော်လည်းကောင်းမှာထားလို့
ရပါတယ်။ ပြည်သူ့စာကြည့်တိုက်ချင်းဆက်သွယ်တဲ့အထူးကောင်းမွန်သောကွန်ယက်ရှိတာကြောင့်
ရှိတဲ့စာကြည့်တိုက်ကနေလှမ်းမှာပေးတာပါ။ လာယူလို့ရပြီဆိုရင်အကြောင်းကြားပါတယ်။
ဌားရမ်းခြင်းများ၊ အင်တာနက်အသုံးပြု ခြင်း နဲ့ ကျန်တဲ့ဝန်ဆောင်မှုအားလုံးအခမဲ့ဖြစ်ပါတယ်။
ပစ္စည်းပြန်အပ်ရမယ့်ရက် ကျော်လွန်ရင် ဒဏ်ကြေးပေးဆောင်ရပါမယ်။ ပစ္စည်းပျက်စီး၊ ပျောက်ရှခဲ့
ရင်တော့ပစ္စည်းတန်ဘိုးကို အပြည့်အ၀ပေးလျော်ရမှာဘဲဖြစ်ပါတယ်။
မိမိမဌားဘူးသေးတဲ့မြို့နယ်ကစာကြည့်တိုက်ဆိုရင် ပထမဆုံးအကြိမ် အ၀ါရောင်ကတ်ပြားကိုမှတ်ပုံတင်ပြီး
နောက်အကြိမ်တွေမှာ လုပ်စရာမလိုတော့ဘဲ စက်ကနေဘဲမိမိဘာသာဌားလို့ရသွားပါပြီ။
ကိုယ့်ဘာသာအပ်လို့၊ ဌားလို့ရတဲ့စက်
ဝန်ထမ်းတွေမရှိတော့ဘဲကိုယ့်ဘာသာတံခါးဖွင့်ဝင်လို့ရတဲ့Hornaekစာကြည့်တိုက်
စာကြည့်တိုက်ဖွင့်ချိန်တွေမှာ ၀န်ထမ်းတွေရဲ့ကူညီမှုကို အပြည့်အ၀ရရှိမှာဖြစ်ပြီး တစ်ချို့မြို့နယ်စာကြည့်တိုက်တွေမှာ တရားဝင်စာကြည့်တိုက်ဖွင့်ချိန်ကျော်လို့ ၀န်ထမ်းများပြန်သွားကြ
ပေမဲ့လဲ မိမိဘာသာအ၀ါရောင်ကတ်ပြားနဲ့ ဖွင့်ဝင်ပြီးစက်မှာအပ်လို့၊ ဌားလို့ရအောင်စီစဉ်ပေးထားပါတယ်။
ကျွန်တော်သွားနေတဲ့(Hornbaek)ဟွန်းဘိ(ခ်)ဆိုတဲ့မြို့လေးကစာကြည့်တိုက်ဆိုရင် သာမန်နေ့ဆို ညနေ ၄ နာရီကျော်ရင်ဝန်ထမ်း တစ်ဦးမှမရှိတော့ပါဘူး၊ ဒါပေသိ မိမိကတ်ပြားနဲ့ ည ၉ နာရီအထိနေလို့၊ အပ်လို့၊
ဌားလို့ရပါတယ်။ စနေ၊ တနင်္ဂနွေအလုပ်ပိတ်ရက်မှာလဲ ၀န်ထမ်းမရှိပေမဲ့ မနက် ၁၀ နာရီကနေ ညနေ
၎ နာရီအထိမိမိကတ်ပြားနဲ့တံခါးဖွင့်ပြီးဝင်ရောက်နိုင်၊ ပြန်အပ်နိုင်၊ ဌားရမ်းနိုင်ပါတယ်။ ပိတ်ချိန်နီးလို့ရှိရင်
အသံသွင်းစက်ကနေသတိပေးပါလိမ့်မယ်။ အခက်အခဲတစ်ခုခုဖြစ်ရင်ဆက်သွယ်နိုင်အောင်လဲ
ဖုံးနံပါတ်နဲ့ တယ်လီဖုန်းကိုအဆင်သင့်ထားရှိပေးထားပါတယ်။
စာအုပ်လာဌားတဲ့ လက်တွန်းလှည်းနဲ့ဖွားဖွား
ပြည်သူ့စာကြည့်တိုက်များက Club အသင်းများမှာအဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ပြီး ဆွေးနွေးမှုတွေ၊ အသိအမြင်
ဖလှယ်မှုတွေလုပ်နိုင်တဲ့အပြင် IT ဗဟုသုတအတွက်လည်းသင်တန်းတွေဖွင့်လှစ်ပေးထားပါတယ်။
စာကြည့်တိုက်တိုင်းမှာ စာအုပ်အဟောင်းတွေကို ဈေးနှုန်းချို သာစွာနဲ့ရောင်းချပေးတဲ့နေ့ရက်တွေ
သတ်မှတ်ထားရှိပြီး သက်ဆိုင်ရာစာကြည့်တိုက်ရဲ့အင်တာနက်စာမျက်နှာမှာဖေါ်ပြပေးထားလေ့
ရှိပါတယ်။ အထူးနေ့တွေမှာ ကလေးတွေကိုပုံပြင်ဖတ်ပြတဲ့အစီအစဉ်များနဲ့လဲစွဲဆောင်ပါတယ်။
ကလေးတွေကိုစာကြည့်တိုက်မှာပုံပြင်ပြောနေပုံ
မသန်မစွမ်းသူများအတွက်လဲ အထူးဝန်ဆောင်မှုများကိုစာကြည့်တိုက်ကပေးပါတယ်။ စာကြည့်တိုက်များ၊
ပြတိုက်များမှာ မသန်မစွမ်းသူများ ကိုယ်တိုင်ဝင်နိုင်၊ တက်နိုင်အောင် စက်ခုံများလဲထားရှိပေးပါတယ်။
အချု ပ်ဆိုရရင် ပြည်သူ့စာကြည့်တိုက်တွေဟာ ပြည်သူအားလုံးအတွက် အပန်းဖြေရာ၊ ဗဟုသုတရှာမှီးရာ
အမြင်ဖလှယ်ကြရာ နေရာတစ်ခုဘဲဖြစ်ပါတော့တယ်။
ပြည်သူ့စာကြည့်တိုက်လုပ်ငန်းဟာလဲ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတစ်နိုင်ငံရဲ့ ပုံရိပ်တစ်ခုလို့ဆိုနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့အမိမြန်မာနိုင်ငံမှာလဲ ပေါ်ထွန်းလာမယ့် ပြည်သူ့အစိုးရနဲ့အတူ
ရှင်သန်လာမယ့် ပြည်သူ့ဒီမိုကရေစီကို ကြို ဆိုရင်း
ဒိန်းမတ်နိုင်ငံကပြည်သူ့စာကြည့်တိုက်အကြောင်းကို လက်လှမ်းမှီသမျှတင်ပြလိုက်ရခြင်း
ဖြစ်ကြောင်းပါခင်ဗျား။
(စာကြွင်း)။ ။ ကျွန်တော်တို့နိုင်ငံအတွင်းမှာစာကြည့်တိုက်လုပ်ငန်းကျယ်ပြန့်လာအောင်စေတနာဖြင့်
ဆောင်ရွက်နေကြသောလူကြီး၊ လူငယ်များ နဲ့ စာအုပ်တွေကိုအွန်လိုင်းမှဖတ်ရှုနိုင်ရန်
ဝါယမစိုက်ထုတ်ကြသောသူများအားလုံးအတွက်ဂုဏ်ယူဝမ်းသာကြောင်းပါ။
မင်းမော်လှမြင့်(YSO,PKU) ၁၀၊၁၁၊၂၀၁၃။