မြန်မာနိုင်ငံမှစာရေးဆရာကြီး ဖေမြင့် ဇနီးမောင်နှံ၊ ဆရာဇော်သက်ထွေး၊ အယ်ဒီတာချု ပ် ဆရာကျော်မင်းဆွေ၊ ဆရာမော်လင်းဇနီးမောင်နှံ နှင့် ဆရာဝင်းချို ဇနီးမောင်နှံတို့ဟာ DVB အသံလွှင့်ဌာနရဲ့ ဖိတ်ကြားချက်ဖြင့် နော်ဝေးနိုင်ငံရဲ့မြို့ တော် အော်စလိုမြို့ကို ၂၀၊၁၁၊၂၀၁၃ နေ့မှာရောက်ရှိခဲ့ကြပါတယ်။
Bye,bye အော်စလို
၂၃၊၁၁၊၂၀၁၃ နေ့မနက်အစောပိုင်းမှာ အော်စလိုမှတဆင့် ဆွီဒင်နိုင်ငံ စတော့ဟုမ်းကိုရောက်ရှိ၊ ညအိပ်ရပ်နားခဲ့ကြတဲ့ဆရာတွေအဖွဲ့ဟာ ၂၄၊၁၁၊၂၀၁၃ နေ့မှာ စတော့ဟုမ်းမှနေပြီး ဒိန်းမတ်နိုင်ငံရဲ့ မြို့ တော် ကိုပင်ဟေဂင်လေယာဉ်ကွင်းကို မနက် ၈နာရီဝန်းကျင်မှာဆိုက်ရောက်ခဲ့ကြပါတယ်။ အဲဒီနေ့ညနေပိုင်း ၅ နာရီကျော်ကျော်မှာဘဲ ဟော်လန်နိုင်ငံ၊ အမ်စတာဒမ်မြို့တော်ကိုလေယာဉ်နဲ့ဆက်လက်ထွက်ခွါကြမှာ
ဖြစ်ပါတယ်။ အမ်စတာဒမ်မှာညအိပ်ရပ်နားပြီး ပြင်သစ်နိုင်ငံ၊ ပဲရစ်(စ်)မြို့တော်ကိုခရီးဆက်ခါ၊ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွါကြမှာဖြစ်ကြောင်းသိရပါတယ်။
အခုတင်ပြမှာကတော့ဆရာတွေ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မှာခရီးတစ်ထောက်ဝင်နားတုန်း ရသမျှအချိန်လေးမှာ ဒိန်းမတ်ပြည်သူတွေနဲ့အတူ ပြည်သူ့ပို့ဆောင်ရေးယာဉ်တွေနဲ့ သွားကြတဲ့ လေ့လာရေးခရီးစဉ်အကြောင်းဖြစ်ပါတယ်။
ကြိုဆိုရေးအဖွဲ့ကို စာရေးဆရာများမှကြိုဆိုရခြင်း
လူမစုံသေးဘူးလေ
ဆရာတွေအဖွဲ့ဟာ ၂၄၊၁၁၊၂၀၁၃ နေ့ မနက် ၈နာရီမထိုးခင်မှာဘဲ ဒိန်းမတ်လေယာဉ်ကွင်းကို ဆိုက်ရောက်ကြပါပြီ။ ဟော်လန်ကိုသွားမယ့်လေယာဉ်က အဲဒီညနေ ၅နာရီကျော်မှထွက်မှာမို့ ကိုပင်ဟေဂင်မှာ တစ်နေ့တာလည်ပတ်နိုင်အောင် ကျွန်တော်တို့ဒိန်းမတ်ရောက်နေတဲ့သူတွေက ကြိုတင်စီစဉ်ထားတာဘဲဖြစ်ပါတယ်။
ဆရာတွေဟာနိုင်ငံရပ်ခြားခရီးသွားခြင်း အတွေ့အကြုံ တွေ စာတွေ့ကောလက်တွေ့ပါရှိထားကြသူတွေ ပီပီ Transit မဟုတ်တဲ့အတွက်ထွက်လာတဲ့ Luggage တွေကို နောက်ပြောင်းစီးရမဲ့ လေကြောင်းလိုင်းကိုအပ် Check in ပါ ကျွန်တော်တို့ကြိုဆိုရေးအဖွဲ့မရောက်ခင်လုပ်ပြီးနေကြပါပြီ။
ကျွန်တော်၊ လှမင်း၊ မင်းဇော်၊ စိုးဝင်း တို့အဖွဲ့တွေကလဲ လေယာဉ်ကွင်းကို တနင်္ဂနွေနေ့ဖြစ်တာကြောင့် အစောဆုံးမနက် ၈နာရီ၅၀မှာမှ ရောက်သွားကြပါတော့တယ်။ နဲနဲပိုနီးတဲ့ အောင်ဖေကတော့ ၈နာရီခွဲဆိုရင်ဆရာတွေနဲ့စတင်ဆုံနေပါပြီ။
မနက် ၉ နာရီမှာတော့ ကြိုဆိုရေးအဖွဲ့ကို ကြိုနေတဲ့ဆရာတွေနဲ့ တာမင်နယ် ၂၊ ဧည့်ခန်းမမှာတစ်ပျော်တစ်ပါး ကြီးဆုံတွေ့၊ အပြန်အလှန်မိတ်ဆက်ကြပြီး အမှတ်တရဓါတ်ပုံတွေရိုက်ကြပါတော့တယ်။
ကိုပင်ဟေဂင်လေယာဉ်ကွင်းမှာပျော်ရွှင်စွာဆုံစည်း
သူငယ်ချင်းစာရေးဆရာ ဇော်သက်ထွေးရဲ့ကြိုတင်ဆက်သွယ်မှုနဲ့ ကျွန်တော်တို့တတွေ ဆရာတွေကိုလိုက်လံ
ပြသနိုင်ဖို့ ကြို တင်စီစဉ်ထားကြတာပါ။ ရာသီဥတုကြိုတင်ခန့်မှန်းမှုနဲ့ လိုက်လျောညီထွေဖြစ်မယ့်
ခရီးစဉ်ကိုစီစဉ်ရပါတယ်၊ ရာသီဥတု ၁၀ ရက်ကြို တင်ခန့်မှန်းမှုမှာ ကိုပင်ဟေဂင်မှာအဲဒီနေ့ မိုးရွာဖို့ ၂၀ ရာခိုင်နှုန်းလောက်ရှိနေလို့ စာရေးဆရာအဖွဲ့တွေ
ကိုမော်တော်ကားတွေနဲ့ လိုက်လံပို့ဆောင်ဖို့ပါဘဲ၊
အနီးကပ်ခန့်မှန်းမှုကျမှ မိုးလုံးဝမရွာတော့ဘူး နေလည်းနည်းနည်းသာမယ်ဆိုတော့ ၀မ်းသာသွားရပြီး ရသမျှအချိန်အတွင်းမှာ ကိုပင်ဟေဂင်ကိုထဲထဲဝင်ဝင် မြင်တွေ့သွားနိုင်အောင်စီစဉ်ကြရပါတော့တယ်။
ပြောရရင်တော့ကိုယ်ပိုင်မော်တော်ကားတွေနဲ့သွားကြရင်စားရိတ်ပိုသက်သာပေမယ့် စာရေးဆရာ၊ သတင်းစာဆရာတွေဖြစ်တဲ့အတွက် ဒိန်းမတ်ရဲ့အထူးကောင်းမွန်တဲ့ ပြည်သူ့ပို့ဆောင်ရေးကို လက်တွေ့
လေ့လာနိုင်အောင်စီစဉ်ကြရပါတော့တယ်၊ ကျွန်တော်တို့ရဲ့ မိမိပြည်သူတွေအပေါ်ထားတဲ့စေတနာ
အမှန်ဖြစ်ပါတယ်။
ဆရာတွေဆီကြိုတင်ပို့ထားတဲ့အစီအစဉ်လေးကတော့အောက်ကအတိုင်းပါဘဲ။
"ဲမြန်မာစာရေးဆရာများ ဒိန်းမတ်ပြည်သူများနှင့်အတူစီးမျောခြင်းအစီအစဉ်။ ကိုပင်ဟေဂင်(ဒိန်းမတ်) ၂၄၊၁၁၊၂၀၁၃။
မနက်
၉ နာရီကျော်ဝန်းကျင်မှ နေ့လည် ၃ နာရီ။
ဒိန်းမတ်ပြည်သူ့ပို့ဆောင်ရေးလေ့လာနိုင်ရန် မြေအောက်ရထား၊ ဘတ်(စ်)ကား၊
ရထားများဖြင့်တစ်ပျော်တစ်ပါးသွားရောက်ကြပါမည်။ ၁။ ရေသူမနှင့်စကားစမြည် ၂။
စာကြည့်တိုက်မှာစာအုပ်ဌား ၃။ အမျိုးသားပြတိုက်မှာထမင်းစား ၄။
မြို့လယ်ဈေးတန်းလျှောက် ၅။ ဘူတာကြီးကို နှုတ်ခွန်းဆက်။"
လေဆိပ်ခန်းမမှမြေအောက်ဘူတာအသွား
ဆရာတွေနဲ့ကြိုဆိုလိုက်လံပို့ဆောင်မယ့်အဖွဲ့သားတွေဟာ စာတွေနဲ့ရင်းနှီးလက်စရှိတာကြောင့်
လူတွေချင်းလဲ တစ်ခဏအတွင်းမှာဘဲရင်းရင်းနှီးနှီးဖြစ်သွားကြပါပြီ။
ဆရာတွေအဖွဲ့ဟာလဲ နော်ဝေးမှာ အစီအစဉ်တွေနဲ့ တွေ့ဆုံပွဲတွေနဲ့ နပန်းလုံးခဲ့ကြရတာကြောင့်
အခု ဒိန်းမတ်မှာလေ့လာလည်ပတ်ရေးသက်သက် စိတ်လွတ်ကိုယ်လွတ်သွားကြရမှာမို့
တက်ကြွလန်းဆန်းနေကြတာတွေ့ရပါတယ်။
အသက်အတန်အသင့်ရပြီဖြစ်တဲ့ ဆရာကြီးဖေမြင့်ကိုလဲ အအေးဒဏ်မခံနိုင်မှာစိုးရိမ်မိခဲ့ကြပေမယ့်
အပါးမှာနွေးထွေးအောင်အမြဲဂရုစိုက်ပေးနေတတ်တဲ့ ဆရာ့မဟေသီ အစ်မလည်းပါတာကြောင့်
ပူစရာအထူးမလိုတော့ပါဘူး။ ဆရာမော်လင်းနဲ့ ဆရာဝင်းချို တို့မှာကလည်းထိုနည်းလည်းကောင်းပါဘဲ၊
အနီးကပ်ကျန်းမာရေးစောင့်ရှောက်ပေးကြမယ့် မမိုးတို့ မချို တို့ပါလာကြပါတယ်။
ပါမလာနိုင်တာက စာအုပ်အဆင်သင့်မဖြစ်တဲ့ သူငယ်ချင်း သက်ဇော်ရဲ့မဟေသီချော မေဇော်ပါ၊ ဒါပေသိ
သူကလဲလူမပါလာနိုင်ပေမယ့် လေလှိုင်းပေါ်ကနေ အသံနဲ့တစ်မျိုး၊ ဓါတ်ပုံများနဲ့တစ်သွယ် အဝေးမှ
စောင့်ရှောက်မှုပေးနေပါတယ်။
ပါလာစရာကို မရှိတာကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် အယ်ဒီတာချုပ်ဆရာ ကျော်မင်းဆွေဘဲ
ဖြစ်ပါတယ်။ သူ့ကိုကြည့်ရတာ ဒီအတွက်သူ့မှာဘာမှဖြစ်ပုံမရပါဘူး၊ အရာရာကို စူးစမ်းလေ့လာမယ်၊ လေးလေးနက်နက်တွေးမယ်၊ မြန်မာပြည်သူတွေအတွက် ကောင်းမှာတွေ၊ လုပ်သင့် တာတွေရေးမယ်၊ မြင်စေချင်တာတွေရေးမယ် ဆိုတာသူ့ဘ၀ဘဲဖြစ်ပုံရပါတယ်။
စီးမျောကြဖို့ အားလုံးအဆင်သင့်ဖြစ်ကြပါပြီ၊ ဘယ်လိုများစီးမျောကြမှာလဲ ဆိုပြီးစိတ်ဝင်တစားဖြစ်နေတဲ့
မမိုးရဲ့မေးနေသံကိုလည်းကြားမိပါတယ်၊ ဒီလိုနဲ့ ၁၀ နာရီဝန်းကျင်မှာဘဲ လေဆိပ်အတွင်းထဲမှာဘဲရှိတဲ့
မြေအောက် MRT station ကိုချီတက်ခဲ့ကြပါတော့တယ်။
မိုးပျံ ၊ မြေအောက်ရထားစီးခြင်း
ရှေ့ဆုံးမှာဆရာဇော်၊ ကျော်တို့ ၂ စုံတွဲ
၆ မိနစ်ခြားထွက်တဲ့ MRT ရထားကလမ်းဆုံးဘူတာဖြစ်တာကြောင့် ကျွန်တော်တို့ကိုအဆင်သင့်စောင့်
နေပါပြီ၊ မောင်းသူမဲ့ရထားပါ၊ ရထားကိုထိန်းကျောင်းမယ့်သူတွေလို ဆရာဇော်နဲ့ ဆရာကျော်ကရှေ့ဆုံးမှာ
နေရာယူပါတယ်၊ ဆရာတွေအပါအ၀င် ကျွန်တော်တို့အဖွဲ့က အားလုံး ၁၃ ယောက်ဖြစ်ပါတယ်၊ အလွန်ကောင်းတဲ့ နံပါတ်ပါဘဲ၊ ဟော်တယ်တွေမှာ အခန်းနံပါတ် ၁၃ ရရင်ကျွန်တော်အကြိုက်ဆုံးပါ၊
လူကြိုက်နည်းတော့အခန်းကပိုသန့်တတ်ပါတယ်၊ အစ္စလာမ်နိုင်ငံဖြစ်တဲ့ မလေးရှား၊ KL မြို့တော်မှာတောင်
ဓါတ်လှေကားအထပ် ၁၃၊ အခန်းနံပါတ် ၁၃ တို့ကိုနေရာတော်တော်များများမှာမသုံးကြတာတွေ့ရပါတယ်၊
အင်္ဂလိပ်အယူအဆ ကံမကောင်းတဲ့ဂဏန်းလို့ပြောကြလို့ပါ၊ ကျွန်တော်တို့ ၁၃ ယောက်အဖွဲ့ကတော့
ခရီးစဉ်တစ်ခုလုံး ချောမောပြီးကံကောင်းခဲ့ကြပါတယ်။
ကိုယ်တွင်းနွေးထွေးမှုအစီအစဉ်အစ
ကျွန်တော်တို့ ထိုင်ခုံတွေမှာနေရာယူပြီးကြရင်ဘဲ ရထားကစထွက်ပါတော့တယ်။
"မြေအောက်ရထားလဲပြောသေးတယ်၊ အပေါ်ကဘဲသွားနေပါလားဗျ " ဆိုတဲ့မေးသံနဲ့အတူ
"ဟုတ်ပါတယ်ဆရာ၊ ခဏနေမြို့ထဲဝင်တော့ကျ မြေအောက်ကမောင်းတော့မှာပါ" ဖြေလိုက်သံကို
ကြားရပါတယ်။
မလေးရှားက Star LRT လိုပါဘဲ၊ မိုးပျံ မြေအောက်ရထားလို့ခေါ်လို့ရမယ်ထင်ပါတယ်။
ဆင်းကြရမယ့်ဘူတာမရောက်ခင် တစ်ဘူတာဖြစ်တဲ့ Christianshavn ဆိုတဲ့မြို့လေးဟာထူးထူးခြားခြား
ကိုပင်ဟေဂင်မြို့ဧရိယာတွင်းမှာရှိနေပြီး ထူးခြားတဲ့မြို့လေးဖြစ်ကြောင်း
လည်းရှင်းပြနေသံကြားရပါတယ်၊ အဲဒီဒေသလေးဟာ လွတ်လပ်လွန်းတော့ကျ မူးယစ်ဆေးဝါးကိစ္စတွေနဲ့
ဖြစ်ပါတယ်။
မြေအောက်ရထားမှစထွက်လို့အရှိန်မရသေးဘူး ဆရာတွေရဲ့ကျန်းမာရေးအတွက်အရမ်းစိုးရိမ်နေတဲ့
အောင်ဖေ ကကိုယ်တွင်းနွေးထွေးမှုအစီအစဉ်ကို Hops အခါးရည်နဲ့စတင်တည်ခင်းလိုက်တော့တာပါဘဲ။
အောင်ဖေ ကဆရာတွေ ကိုပင်ဟေဂင်မှာရှိခိုက် အအေးဒဏ်မခံရအောင်ရယ်၊ အအေးမိနှာစေးမဖြစ်ရအောင်ရယ် တာဝန်ယူထားတဲ့နွေးထွေးမှု၊ကျန်းမာရေးတာဝန်ခံဘဲဖြစ်ပါတော့တယ်။
စကားတွေတပြောပြောနဲ့ ၁၅ မိနစ်လောက်စီးလိုက်ရင်ဘဲ ကျွန်တော်တို့ဆင်းရမယ့် Kongens Nytorv ဘူတာ
ကိုရောက်လာပါတော့တယ်၊ ဘူတာပေါ်ကိုတက်လိုက်တာနဲ့ဘဲ ကိုပင်ဟေဂင်မြို့လည်ကိုရောက်နေပါပြီ။
ဘူတာပေါ်ကိုတက်ကြမယ်
လူစုံရင်ကားမှတ်တိုင်ကိုရွေ့ကြမယ်
ဘဏ်ရှေ့မှာဆရာတွေဓါတ်ပုံရိုက်ကြပါတယ်၊ ကျွန်တော်တို့မှာလည်းမှတ်တမ်းတင်ဖို့ ကင်မရာတွေပါလာ
တာကြောင့် ဆရာတွေကိုအမှတ်တရဓါတ်ပုံရိုက်ဖို့ အတော်ပြောရမယ်မှတ်တာ၊ ဆရာတွေကိုယ်တိုင်ကလည်း ရိုက်မယ်ဆိုတာချည်း ဆိုတော့ဒီကဖိုးရိုက်ချင်တွေနဲ့အတော်ဖြစ်သွားပါတော့တယ်။
ဘူတာကအတက်ဘဏ်ရှေ့မှာဆရာဇော်နဲ့ဆရာကျော်
ဓါတ်ပုံရိုက်ခြင်းဟာလည်းအလွန်ကောင်းတဲ့ အလေ့အထတစ်ခုပါ၊ တစ်ချိန်မှာအမှတ်တရအဖြစ်ကျန်ရစ်
စေမှာဘဲဖြစ်ပါတယ်၊ ကြုံ ကြိုက်လို့ ပြောရရင်သူငယ်ချင်းဆရာဇော်သက်ထွေးနဲ့ကျွန်တော်ဟာလွန်ခဲ့တဲ့
နှစ် ၂၀ ကျော်ဝန်းကျင်က ရေနံချောင်းမှာလုပ်တဲ့ မြေလတ်ကျောင်းသားညီညွတ်ရေး ပထမအကြိမ်ညီလာခံ
မှာ သူကမင်းဘူးကလာ၊ ကျွန်တော်က ပခုက္ကူ ကလာနဲ့ စတင်သူငယ်ချင်းဖြစ်သွားကြသူတွေပါ၊ ဒုတိယအကြိမ် မကွေးမှာလုပ်တော့ အခုသတင်းတွေ Fb မှာတင်နေတဲ့ ၈၈ ဗကသက ကျော်စွာမြင့် နဲ့ပါ
သူငယ်ချင်းတွေဖြစ်သွားခဲ့ကြပြီး မကွေးကနေကျွန်တော် ရန်ကုန်အထိသူတို့နဲ့ပါသွားခဲ့ပါတော့တယ်၊ ရန်ကုန်ရောက်တော့ ဂျင်မီတို့အဖွဲ့နဲ့ပါ သူငယ်ချင်းရဲဘော်တွေဖြစ်သွားကြပါတော့တယ်။
ရန်ကုန်ကနေ ဇော်သက်ထွေးနဲ့ကျွန်တော် မကွေး၊ မင်းဘူး၊ ပုဂံ၊ ပခုက္ကူ ၊ ပေါက် စတဲ့မြို့တွေကို အတူတူ
ခရီးထွက်ခဲ့ကြဘူးပေမယ့် အခုခေတ်လိုဓါတ်ပုံအလွယ်တကူမရိုက်နိုင်တာရယ်၊ ဓါတ်ပုံရိုက်ဖို့လည်း
ခေါင်းထဲမှာမရှိကြတာရယ်ကြောင့် ကျွန်တော်တို့ ၂ယောက်မှာ ဓါတ်ပုံအမှတ်တရမကျန်ခဲ့ပါဘူး၊ ပခုက္ကူ
မှာတော့ရှိကောင်းရှိနိုင်ပါတယ်၊ အဲဒီတုန်းကသာခုလိုဓါတ်ပုံရိုက်ဖြစ်ခဲ့ရင် အခု ၂၅ နှစ်ကျော်မှပြန်တွေ့ရ
တဲ့အခါ ပြန်လည်သတိရစရာဖြစ်စေမှာပါ၊ အချိန်အခါချင်းလည်းမတူဘူးလေ ဓါတ်ပုံရိုက်ဖို့နေနေ
သာသာပြေးဘဲနေရတာကိုး။
အစီအစဉ်အရကိုပင်ဟေဂင်ရဲ့သင်္ကေတတစ်ခုလိုဖြစ်နေတဲ့ ရေသူမရှိရာပင်လယ်ကမ်းခြေကိုပထမသွား
ကြမှာဖြစ်ပါတယ်။ ဘူတာပေါ်မှာဘဲရှိတဲ့ မှတ်တိုင်ကနေဘဲ ဘတ်(စ်)ကားပြောင်းစီးရမှာဖြစ်ပါတယ်။
ဆူးလေကနေ ဗိုလ်တစ်ထောင်ဆိပ်ကမ်းကို သွားရမယ့်သဘောပါဘဲ။ နံပါတ်၂၆ ကို ၁၀မိနစ်ဝန်းကျင်ဘဲ
စီးရမှာဖြစ်ပါတယ်။
ဘတ်(စ်)ကားမှတ်တိုင်တိုင်းမှာ ကားလာမယ့်အချိန်ဇယားတွေရှိပါတယ်၊ အချိန်မှန်ရောက်လာတတ်ကြ
ပါတယ်။
"၂၆" လာပြီဟေ့..ကားရပ်လို့လူတစ်ချို့ဆင်းပြီးတာနဲ့ ကျွန်တော်ကရှေ့မှာယာဉ်မောင်းနဲ့ လက်မှတ်ကိစ္စလုပ်နေတုန်း ကျန်ခဲ့မှာကြောက်တဲ့သူတစ်ချို့ က
ကြုံရာအလယ်ပေါက်နဲ့နောက်ပေါက်ကနေ ကောက်တုတ်ကြလို့ပြန်ဆင်းပြီး ရှေ့ပေါက်ကပြန်တက်ရ
ပါသေးတယ်။ ပျော်စရာကြီးပါ။ အားလုံးထိုင်ခုံတွေမှာနေရာယူကြပြီးရင်ဘဲကားထွက်ပါတော့တယ်။
"ငါတို့ချည်းဘဲ ကားဌားလာသလိုပါလားကွ" ဆရာဇော်ကမှတ်ချက်ချလိုက်ပါတယ်။
ငါတို့ချည်းဘဲကားဌားလာသလိုပါလားကွ
ဆင်းရမယ့်မှတ်တိုင်ကို ယာဉ်မောင်းကသတိပေးတဲ့အပြင် လမ်းကိုပါညွှန်ပြပေးလိုက်တာတောင်
စကားတစ်ပြောပြောနဲ့ ချော်တောငေါ့သွားပါသေးတယ်၊ ၁၀ မိနစ်လောက်လမ်းလျှောက်လိုက်ကြရင်ဘဲ
"ဟိုမှာရေသူမတွေ့ပြီဟေ့" ဆိုတဲ့အသံကြားလိုက်ရပါတော့တယ်။
ကိုပင်ဟေဂင်ရဲ့ Image လိုဖြစ်နေတဲ့ရေသူမရုပ်ထုကတော့ကြီးကြီးမားမားတော့မဟုတ်ပါဘူး၊
ကမ္ဘာကျော်ဒိန်းမတ်ပုံပြင်ရေးဆရာကြီး H.C Anderson ရဲ့ပုံဝတ္ထု ထဲကရေသူမလေးပုံကိုထုဆစ်ထားတာ
ပါဘဲ၊ ပုံပြင်က ၁၈၃၇ ကထဲကဖြန့်ချီ ခဲ့တာဖြစ်ပြီး ရုပ်ထုကတော့ဒီနှစ်ထဲမှာမှအသက် ၁၀၀ ပြည့်သွားပါပြီ။
ရေသူမရုပ်ထုနဲ့အမှတ်တရ
၂၀၁၀ တုန်းကရေသူမလေးက တရုတ်နိုင်ငံ ရှန်ဟိုင်းကိုခရီးထွက်သွားခဲ့ပါသေးတယ်၊ Expo 2010 ကို
သွားခဲ့တာဘဲုဖြစ်ပါတယ်၊ တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်က ကွန်ပြူတာသိပ္ပံဌာနမှာဆရာမလုပ်နေတဲ့
ကျွန်တော့်ညီမအငယ်ဆုံး ဒေါက်တာထွေးထွေးခိုင်က ဒိန်းမတ်မရောက်ဘူးသေးဘဲ ရှန်ဟိုင်းမှာသင်တန်းတစ်ခု တက်ရင်း ရေသူမနဲ့မိတ်ဆက်ခဲ့ရပါတော့တယ်။
ရေသူမရဲ့Link ကတော့
http://en.wikipedia.org/wiki/Little_Mermaid_Statue
ရှန်ဟိုင်းရောက်ဒိန်းမတ်ကရေသူမနဲ့ကျွန်တော့်ညီမ
ရေသူမမှာပျော်ပွဲစား
"ဆရာဖေတို့ ဆာလောင်နေကြလောက်ပြီ"..ကြိုဆို၊ ဧည့်ခံရေးတာဝန်ခံကျွန်တော့်ညီ မင်းဇော်ရဲ့ သတိပေးမှုနဲ့အတူမူလအစီအစဉ်ကိုပြောင်းပြီး ရေသူမမှာဘဲ သယ်ဆောင်လာခဲ့ကြတဲ့
အစားအသောက်တွေစားကြဖို့ လေကွယ်ရာနေရာကိုရှာကြရပါတော့တယ်၊ "ဒီနေရာလေကွယ်တယ်ဟေ့"
ဆိုတဲ့ဆရာဇော်နဲ့ဆရာကျော်တို့ အသံနဲ့အတူ သူတိုရှာတွေ့ထားတဲ့ ပိတ်ထားတဲ့ဘာဂါဆိုင်လေးရှေ့မှာ
စားဖို့စီစဉ်ကြရပါတော့တယ်၊ တစ်ကယ်တန်းကတော့အမှန်အကန်လေကွယ်မဟုတ်ပါဘူး၊ ဒိန်းမတ်မှာ
လေကတော့အမြဲလိုလို အရပ်မျက်နှာစုံကနေတိုက်နေလေ့ရှိပါတယ်။
"ပါတာအကုန်ထုတ်" ဆိုတဲ့နှိုးဆော်အချိန်မှတ်တာဝန်ခံ လှမင်းရဲ့အသံနဲ့အတူ စီစဉ်လာတဲ့ ဆင်းဒ၀ှစ်၊
ခေါက်ဆွဲကျော် ၂မျိုး၊ ဆီထမင်းနဲ့ကြက်သားကြော်တွေ တစ်ခဏအတွင်းမှာစားဖို့အဆင်သင့်ဖြစ်သွားရပါပြီ။
ပကာသနမပါတဲ့ စေတနာပျော်ပွဲစားလေးကိုဆင်နွှဲကြပါတော့တယ်။
အနုတ်ဒီဂရီနားရောက်တော့မယ့်အအေးထဲမှာမှတ်မှတ်ရရ လဟာပြင်စားသောက်ပွဲလေးဖြစ်ပါတော့တယ်။
လဟာပြင်စားသောက်ပွဲမှာသူငယ်ချင်း၂ယောက်
ကျန်းမာရေးတာဝန်ခံ အောင်ဖေကဆရာတွေ ၄ဒီဂရီ ဆာဆီယက်(စ်)အအေးနဲ့လေတိုက်ထဲမှာ Hops ဖျော်ရည်နဲ့တင် ဒီတိုင်းထားလို့ မဖြစ်နိုင်တော့တာသုံးသပ်မိပြီး သပျစ်ရည်ဖြူ ဘူးကိုဖွင့်လိုက်ပါ
တယ်၊ နောက်ပြီး "ဟောဒီမှာ ဦးဂျော်နီကြီးလည်းပါလာပါတယ်" ကြေငြာလိုက်တော့တာပါဘဲ။
ဆရာဖေ၊ ဆရာမော် နဲ့ ဆရာဇော်တို့ကတော့ အိမ်ရှင်ကျန်းမာရေးတာဝန်ခံ အောင်ဖေငြို ငြင်မှာ
မလိုလားတာကြောင့် ဦးဂျော်နီကြီးကိုမိတ်ဆက်လိုက်ကြပါတော့တယ်၊ ဦးဂျော်နီကြီးကလည်း
နွေးထွေးစွာဘဲဆရာတွေကိုဧည့်ဝတ်ကျေရှာပါပေတယ်။
"မိနစ် ၂၀ ကျော်ပါပြီ၊ ခရီးဆက်ကြရပါမယ်" လှမင်းကနှိုးဆော်လိုက်ပါပြီ။
အမှိုက်များရှင်းလင်းရေးလုပ် အမှိုက်ပုံးတွေထဲစနစ်တကျ ထည့်လိုက်ကြရပါတော့တယ်။
"See you again the little mermaid, we won't forget you"
ရေသူမမှသည်စာကြည့်တိုက်ဆီ
ရေသူမကနေ တနင်္ဂနွေနေ့မှာဖွင့်တဲ့စာကြည့်တိုက်ရှိရာ Hellerup မြို့နယ်ကိုသွားကြမှာဖြစ်ပါတယ်၊
ဗိုလ်တစ်ထောင်ကနေ မြေနီကုန်းစာကြည့်တိုက်ကို ဆိုကြပါစို့။
ကနဦးက စာကြည့်တိုက်အစီအစဉ်မပါပေမယ့် ကျွန်တော်ရဲ့"စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားတဲ့ဒိန်းမတ်"
ဆောင်းပါးလေးဖတ်ထားတဲ့ ဒိန်းမတ်နေမိတ်ဆွေ ဦးလှရွှေရဲ့ ဖုန်းနဲ့တိုက်တွန်းမှုကြောင့်အစီအစဉ်ထည့်ဆွဲ
ဖြစ်ခဲ့တာပါ၊ ဆရာတွေလာမယ်ဆိုတာသိကြတဲ့စာချစ်သူမိတ်ဆွေများကလည်း ခရီးလှမ်းလို့မလာနိုင်ကြပေမယ့် အကြံဥာဏ်တွေကို ဖုန်းနဲ့တစ်မျိုး Message တွေနဲ့တစ်သွယ်ပေးကြလို့လည်း
ကျေှးဇူးတင်ရပါတယ်။
ကိုသက်ဦးက ကိုသူရ(ဇာဂနာ)၊ ဒါရိုက်တာ ၀ိုင်းတို့လာတုန်းကရောက်ခဲ့တဲ့ Documentary တွေချည်းပြတဲ့ ရုပ်ရှင်ရုံမှာ ရုပ်ရှင်လိုက်ပြခိုင်းတယ်၊ ရဲဘော်ကြီး ကိုဖိုးနီက Christianhavn ကိုပို့ခိုင်းတယ်၊ ဦးတေကတော့
အချိန်ရရင်စာပေဟောပြောပွဲပါလုပ်ချင်တယ်၊ မိတ်ဆွေဦးပြောင် U Nay Nay ကကောင်းကောင်းဧည့်ခံ
ပြုစုစေချင်တယ်၊ ဘွန်ဟိုးကျွန်းက ကိုအောင်၊ ကိုမင်းသိမ်းဦး၊ ကိုအဇစ်တို့က ပဲခူးကအဘ သခင်လှကြိုင်ကို
လှူ ဖို့ငွေ ၂ ထောင်လှမ်းပို့ထားတယ်၊ ကိုစိုင်းကရှမ်းပွဲနဲ့တိုက်နေ၊ ကိုကျော်ကျော်လင်းကခြေထောက်ခွဲထား၊ ကိုမျိုးဝင်း၊ စိုးချိုငြိမ်း၊ သော်ဇင်တို့က နွေးထွေးမှုအစီအစဉ်ရဲ့ စွဲဆောင်မှု
ကြောင့် လာချင်ကြပေမယ့်မလာအား၊ ဒီပွဲကိုအရမ်းနွှဲချင်နေပြီးခရီးလွန်နေတာက လင်းလင်းထွန်း၊ London
မှာရှိတဲ့ ကိုဇော်ဇော်အောင်ကလည်း လာချင်ပေမယ့် စာအုပ်အပ်ထားတုန်းနဲ့တိုက်နေ၊ နော်ဝေးမှကိုလှမင်း၊
ကိုအောင်ကျော်စိုး၊ ကိုနေဇော် တို့ကသိလိုတဲ့သတင်းစုံစမ်းပေး စသဖြင့်ဝိုင်းဝန်းခဲ့ ကြပါတယ်။
ကျန်နေသူတွေရှိအုန်းမှာ၊ အားလုံးကျေးဇူးပါ၊ စာကြည့်တိုက်ကိုဆက်သွားရပါအုံးမယ်။
ဒီတံတားပေါ်မှာ Group Photo ရိုက်ကြမယ်ဟေ့
ရေသူမကနေစာကြည့်တိုက်ရှိရာသွားဖို့ Osterport ဆိုတဲဘူတာကို ၁၀မိနစ်လောက်လမ်းလျှောက်ပြီး
အဲဒီကနေ Bus 1A ကို ၁၅မိနစ်စီးကြရမှာဘဲဖြစ်ပါတယ်၊ ရေသူမကနေဘူတာအသွားလမ်းခုလတ်မှာ
သန့်စင်ခန်းဝင်ကြပါတယ်၊
အဲဒီမှာကျွန်တော်တို့ရဲ့ မှတ်တမ်းနဲ့ထသွားပြန်ကြည့်တာဝန်ခံ စိုးဝင်းက ရေသူမမှာကျန်ခဲ့တဲ့ကျောပိုးအိတ်
တစ်လုံးကိုသယ်ဆောင်လာခဲ့ရတာပါဘဲ၊ "ဘယ်သူအိတ်ကြီးထားခဲ့လဲမသိဘူး ဟောဒီမှာအိတ်"
ဆိုပြီးပြောလိုက်ပါတော့တယ်၊ "ကျွန်တော်မေ့ပြီးထားခဲ့တာပါဗျာ ကျေးဇူးပါ" ဆရာကျော်မင်းဆွေက
သူများဦးသွားမှာစိုးပြီးအမြန်ပြန်ဖြေလိုက်သံကိုကြားလိုက်ရပါတော့တယ်၊ ခေါင်းထဲမှာအာဘော်တွေ
ရေးဖို့စီနေရတော့လွတ်လွတ်လပ်လပ်ဘဲထွက်လာပုံရပါတယ်၊ အနှောင်အဖွဲ့ကိုမနှစ်သက်တဲ့အယ်ဒီတာ
ရဲ့စိတ်တစ်ဒေသပါ။
"ဟောဒီတံတားပေါ်မှာ Group photo ရိုက်ကြရအောင်ဟေ့" ဆရာဖေကပြောလိုက်ပါတော့တယ်၊
ဖိုးရိုက်ချင်နဲ့ဖိုးအရိုက်ခံချင်တွေနေရာအမြန်ယူကြရပါတော့တယ်။
ခဏအတွင်းမှာဘဲဘူတာရုံရောက်လာတာမို့အနွေးဓါတ်ရဖို့ဘူတာထဲဝင်လိုက်ကြပါတော့တယ်၊
အမှန်ကဘူတာရှေ့ မှတ်တိုင်ကနေဘတ်(စ်) 1A စီးရမှာပါ၊ ခရီးစဉ်တာဝန်ခံကျွန်တော်လဲကားစီးရမှာကို
မေ့ပြီး ရောယောင်ဘူတာထဲလိုက်ဝင်ပြီး ရပ်စကားပြောကြပါတယ်၊ အားလုံးကလည်းရထားစီးရမယ်
ထင်နေကြပါတယ်၊ ထင်ကြမှာပေါ့ဘူတာထဲတောင်ရောက်လို့ ပွါးနေကြပြီကိုး၊ ခဏနေမှကျွန်တော်လည်း
သတိရပြီး ရထားစီးရမှာမဟုတ်ပါ ရှေ့ကမှတ်တိုင်က ကားစီးကြရမှာပါလို့ ပြောပြီးဘူတာအပြင်ဘက်ကို
ထွက်ခဲ့ကြပါတော့တယ်။
"ဆရာကျော်မင်းဆွေပါမလာတော့ဘူးဟေ့" ဆရာဇော်သက်ထွေးက ကားမှတ်တိုင်ရောက်ကြတော့
ကြေငြာလိုက်ပါတော့တယ်၊ "ရထားနဲ့ကောက်တုတ်သွားပြီထင်တယ်" "မြေနီကုန်းဆိုတော့ သူနေတဲ့
ရပ်ကွက်မို့လိုက်ချင်ပုံမရဘူး" စသဖြင့်အာဝဇွန်းရွှင်နေကြပါပြီ၊ "ဘူတာထဲမှာကျန်နေခဲ့တာ၊ကျွန်တော်
သွားပြီးခေါ်မယ်" ဆိုပြီး မင်းဇော်ထွက်သွားပါတယ်၊ ကျွန်တော်လည်းနောက်ကလိုက်သွားရပါတော့တယ်၊
ဆရာကျော်ကရထားစောင့်ရမယ်ထင်ပြီး ကော်ဖီဝင်ဝယ်နေတာ၊ ခဏမှာဘဲကော်ဖီခွက်နဲ့တွေ့ရပါတယ်၊
"ဆရာကျော်မင်းဆွေကိုပြန်ရှာတွေ့ခဲ့ပါပြီ" လို့မင်းဇော်ကခေါ်လာရင်းသတင်းပို့လိုက်ပါတော့တယ်။
၅ မိနစ်ဆိုရင်ဘဲ 1A ဆိုက်ေ၇ာက်လာတော့တာပါဘဲ။
1A နဲ့ စာကြည့်တိုက်ဆီ
ဒီတစ်ခါတော့ ကြုံရာအပေါက်ကနေကောက်မတုတ်ကြတော့ပါဘူး၊ အားလုံးရှေ့ပေါက်ကနေဘဲစနစ်တကျ
တက်ခဲ့ကြပါတော့တယ်။
ကားပေါ်မှာဆရာမော်လင်းက သူ့ကင်မရာကြီးနဲ့ပြင်ပရှုခင်းတွေကိုမှတ်တမ်းတင်နေသလိုဆရာဇော်၊
ဆရာကျော်တို့ကလည်း ဖွံ့ဖြိုးနိုင်ငံလို သူတို့နိုင်ငံကိုဖြစ်စေချင်တဲ့ချင်ခြင်းတွေနဲ့ကြည့်ရှုနေကြပါတော့တယ်။
"ဒိန်းမတ်က Sea level နိမ့်သလား" မမိုးကကျွန်တော့်ကို ၀န်ထမ်းရွေးချယ်ရေး Interview တစ်ခု
မှာလိုကားပေါ်မှာမေးလိုက်ပါတော့တယ်၊ ကျွန်တော်ကျက်ထားတာထဲမှာမပါတဲ့မေးခွန်းမို့ "သေသေချာချာ
တော့မသိပါ၊ မနိမ့်ဘူးထင်ပါတယ်" လို့ဖြီးချလိုက်ရပါတော့တယ်။ ခုမှစာဖတ်ပြီးပြန်ဖြေရရင်တော့
"မမိုးပြောသလိုပါဘဲ၊ ဒိန်းမတ်နိုင်ငံမှာတောင်မရှိဘဲ မြေမျက်နှာပြင် Flat ဖြစ်တာကြောင့် Elevation
နည်းနည်းဘဲရှိပါတယ်၊ Average
above sea level ကတော့ ၁၀၂ ပေရှိကြောင်းပါ"။
ဒီတစ်ခါယာဉ်မောင်းသူကတော့ဒိန်းမတ်အမျိုးသမီးကြီးပါ၊ သူ့ကိုကျွန်တော်တို့ဆင်းရမယ့်မှတ်တိုင်ရောက်
ရင်ပြောဖို့မှာထားပါတယ်၊ ဒီလိုစကားတစ်ပြောပြောနဲ့စီးလာခဲ့တာ ၁၅မိနစ်ဝန်းကျင်ဆိုတော့ မှတ်တိုင်ရောက်ခါနီးလို့ ယာဉ်မောင်းကိုကြည့်လိုက်တဲ့အခါ အမျိုးသားယာဉ်မောင်းဖြစ်နေတာတွေ့လိုက်
ရပါတော့တယ်၊ နည်းနည်းကောင်းနေပြီဆိုတော့ မျက်လုံးပွတ်ကြည့်လည်းမမှားပါဘူး၊ ဒါပေမယ့်အဲဒီ
အမျိုးသားယာဉ်မောင်းကခဏမှာဘဲ ကျွန်တော်တို့ဆင်းရမယ့်မှတ်တိုင်ကိုပြောလိုက်ပါတော့တယ်၊
လမ်းခုလတ်မှာယာဉ်မောင်းချိန်းတာဖြစ်ပြီး အမျိုးသမီးယာဉ်မောင်းက နောက်ယာဉ်မောင်းနဲ့အပ်လိုက်တာ
ပါဘဲ၊ ဒီမှာကဆင်းမယ့်မှတ်တိုင်ကြိုပြောထားရင် နောက်မှာထိုင်နေရင်လည်း စပီကာနဲ့
လှမ်းပြောပေးကြပါတယ်၊ ကားပေါ်ကဆင်းကြပြီး ၁၀ မိနစ်ဝန်းကျင်လမ်းလျှောက်ကြရင်
Gentofte စာကြည့်တိုက်ကိုရောက်ကြတော့တာပါဘဲ။ Link ကတော့
https://genbib.dk/hovedbibliotektet
စာကြည့်တိုက်ရှေ့မှာဆရာဝင်းချို တို့စုံတွဲ
စာကြည့်တိုက်အတွင်းမြင်ကွင်း
ကျောပိုးအိတ်တွေ ဂျာကင်ကြီးတွေကိုအ၀င်ဝမှာထားခဲ့ပြီး စာကြည့်တိုက်ထဲဝင်ခဲ့ကြပါတော့တယ်၊
"စကားပြောကြရအောင်ဗျာ" လို့ဆရာဖေကပြောတာနဲ့ စာကြည့်တိုက်ထဲက ကော်ဖီဆိုင်မှာ ကျွန်တော်တို့
ထိုင်လိုက်ကြပါတော့တယ်၊ ဆရာဖေက ကျွန်တော်တို့ကို ကျေးဇူးတင်ကြောင်း၊ မြန်မာပြည်မှာလိုတာရှိကြ
ရင်မှာဖို့အကြောင်းပြောပါတယ်၊ ကျွန်တော်တို့တွေကလည်း "ဆရာကြီး စာတွေရေးနေတာနဲ့တင် ကျွန်တော်
တို့အတွက်ကော ပြည်သူတွေအတွက်ပါပြည့်စုံနေပါပြီခင်ဗျား" လို့ပြောလိုက်ကြပါတော့တယ်။
ဆရာစာတွေရေးနေတာဟာကျွန်တော်တို့အတွက်ပြည့်စုံပါပြီ
ဆရာတွေဧည့်မှတ်တမ်းရေးကြတယ်၊ အစ်မကြီး၊ မမိုး နဲ့ မချို တို့ကစာအုပ်တွေမွှေကြတယ်၊
ဆရာကျော်မင်းဆွေကမြန်မာပြည်ကိုအလည်လာဖို့ရှိတဲ့ ဒိန်းမတ်တစ်ယောက်နဲ့စကားလက်စုံကျနေလို့
ဆရာဇော်ကအတင်းလောနဲ့ ပေါ့။
"ခရီးဆက်ကြရပါအုံးမယ်" လှမင်းရဲ့ဆော်သြော်သံနဲ့အတူ စာကြည့်တိုက်ကိုနှုတ်ဆက်ခဲ့ကြပြန်ပါပြီ။
ဧည့်မှတ်တမ်းရေးခဲ့ကြပါအုံး
စာကြည့်တိုက်မှသည်မြို့လယ်ဆီ
စာကြည့်တိုက်ကအပြန်ခရီးမှာ အဖွဲ့သားတွေကသိကအောက်ဖြစ်စရာကြုံ ရတော့တာပါဘဲ၊
စာကြည့်တိုက်ကထွက်ပြီး လမ်းလျှောက်လာကြလို့ ၅ မိနစ်လောက်နေတော့
"ငါ့သူငယ်ချင်း လမ်းညွှန် မင်းမော် ပါမလာတော့ဘူးဟေ့" သူ့ဘာသာလူစစ်ဆေးရေးတာဝန်ယူထားတဲ့
ဆရာဇော်သက်ထွေးက ကြေငြာလိုက်ပါတော့တယ်၊ အချိန်လုနေကြရတဲ့အထဲ အဖွဲ့တန့်သွားရပါတော့တယ်၊
"ခရီးစဉ်ဖိုင်ကသူ့ဆီမှာ" အဖွဲ့သားတွေအတန်တုန်လှုပ်သွားရပါတော့တယ်၊ ဘယ်ကိုဆက်လျှောက်လို့ ဘာကိုစီးရမယ်မှန်း သူတို့မှမသိကြတာကိုး၊ ဖုန်းဆက်လို့ရတော့ လိုက်လာနေပြီလို့ပြောပြီး
လူကတော်တော်နဲ့ပေါ်မလာတော့ "ဒီကောင်ငယ်ကျင့်တွေမပျောက်သေးဘူး၊ ဘယ်မှာဝင်ဆွဲနေပြန်လဲမသိဘူး" ဟုဆရာဇော်ကသူ့သူငယ်ချင်းအတင်းတုတ်ပါတော့တယ်။
"ဖုန်းဆက်ကြပါအုံး" အဖွဲ့တန့်နေရပါပြီ။
ဖြစ်ရပ်မှန်က ခရီးစဉ်တာဝန်ခံက ချန်နေခဲ့ချင်လို့မဟုတ်ပေမယ့် မသမာသူရဲ့လက်ချက်မိသွားခဲ့ရတာပါ၊
ကောင်းတာတွေလိုက်ပြနေတဲ့အချိန်မှာ မသမာသူတွေလည်းရှိတတ်တာကိုမပြောချင်တော့ ပြန်တွေ့ကြတဲ့
အခါမှာခြေထောက်လေ၀င်သွားလို့ဆိုပြီး ပါးစပ်ထဲရှိတာကောက်တုတ်လိုက်ပြီး မသမာသူဇာတ်လမ်းကို
ဆရာတွေမသိအောင်မြှုပ်ကွက်လုပ်ထားတာပါ၊ ခုတော့ဖြစ်ရပ်မှန်ကိုဒုတိယပိုင်းမှာရေးရပါတော့မယ်။