Tuesday, 30 September 2014

Face post(from Myo Naing)

Facebook Page မှာ အလိုအလျောက် ပို့စ်တွေကို တက်အောင်လုပ်နည်း
**************************************************************************
အချိန်ပေးပြီး ဖေ့ဖွတ်ကို မသုံးနိုင်လို့ နာရီပိုင်းလောက်ပဲ အချိန်ရတဲ့ Facebook Page နဲ့ အလုပ်လုပ်ကြတဲ့ သူတွေအတွက် တကယ်ကို လိုအပ်မယ့် နည်းလမ်းလေး တစ်ခုဖြစ်လို့ မျှဝေပေး လိုက်ရပါတယ်။
(၁) မိမိ၏ Facebook Page မှာ Status တစ်ခု တင်ပါ။ ပုံ ပါလည်း ရပါတယ်။
(၂) Post ကို မနှိပ်လိုက်ပါနဲ့။
(၃) အောက်ဘက်တွင် နာရီပုံလေးကို တွေ့ပါလိမ့်မယ်။ ၎င်းနာရီပုံအား တစ်ချက်နှိပ်လိုက်ပါ။
(၄) Schedule Post ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။
(၅) အဲဒီမှာ Add a Time ? ဆိုတဲ့ နေရာမှာ မိမိအလိုရှိတဲ့ အချိန်ကို ရွေးချယ်လိုက်ပါ။
(၆) ပြက္ခဒိန်ကတော့ ယနေ့အတွက် ဆိုရင် နှိပ်စရာမလိုဘဲ မနက်ဖြန်နှင့် တခြားသော နေ့တွေအတွက်ဆိုရင်တော့
ရွေးပေးလိုက်ပါ။
(၇) အားလုံး ရွေးပြီးတာနဲ့ Schedule မှာ တစ်ချက်နှိပ်လိုက်ပါ။
(၈) ထိုအခါ မိမိရွေးထားတဲ့ အချိန် နေ့စွဲ စတာလေးတွေကို Your Post Has Been Scheduled ပေါ်လာပါလိမ့်မယ်။
(၉) View Activity Tab မှာ တစ်ချက်နှိပ်ပါ။
(၁၀) အားလုံး အဆင်ပြေ သွားပါပြီ။ Scheduled Posts ဆိုတဲ့ ခေါင်းစဉ်နဲ့ အတူ မိမိ၏ ပို့စ်ကို တွေ့နိုင်ပါပြီ။ မိမိ Facebook Page ၏ မူလ စာမျက်နှာသို့ ပြန်လည်သွား လိုက်ပါ။
ဤတွင် မိမိ Schedule လုပ်လိုက်သော ပို့စ်အား ပြင်ချင်တယ်ဆိုပါက View post ဆိုတဲ့ စာတန်းကို နှိပ်ပြီး ပြင်ဆင်နိုင်ပါတယ်။ ၆ လလောက်ထိအောင် ပို့စ်များကို Scheduled လုပ်ထားနိုင်ပါတယ်။ ပုံကိုကြည့်ပြီးလည်း လုပ်ဆောင်နိုင် ပါတယ်။
Credit >> ရိုးရာလေး

Tuesday, 9 September 2014

ဒိန်းမတ်နိုင်ငံ"အခြေခံဥပဒေ"ရဲ့အသီးအပွင့်တစ်ခု

လွန်ခဲ့တဲ့ ဂျွန်လ ၅ ရက်နေ့ကဒိန်းမတ်နိုင်ငံရဲ့ပြည်သူလူထုတွေ
အမြတ်တနိုးထားတဲ့၊ သူတို့ရဲ့လူနေမှုဘ၀တွေကိုစောင့်ရှောက်ပေးနေတဲ့
"ဖွဲ့စည်းပုံအခြေခံဥပဒေနေ့"ဖြစ်ပါတယ်။

အဲဒီနေ့မှာဘဲတိုက်တိုက်ဆိုင်ဆိုင် သူတို့နိုင်ငံရဲ့ဒီမိုကရေစီအခြေခံဥပဒေရဲ့
အသက်ဝင်မှုကြောင့်ပေါ်ထွန်းလာတဲ့ ပြည်သူ့အထူးကုဆေးရုံကြီးတစ်ရုံကို
ရောက်ဖြစ်ခဲ့ပါတယ်။
အဲဒီနေ့ကအလုပ်ပိတ်ရက်လဲဖြစ်တာကြောင့် မိတ်ဆွေတစ်ယောက်ရဲ့သားငယ်လေး
ကိုလိုက်ပို့ရင်း ရောက်ခဲ့တဲ့ Bispebjerg ဆေးရုံကြီးရဲ့ဓါတ်ပုံအချို့ နဲ့အတူ
တွေးမိတဲ့အတွေးတစ်မျှင်ကို စာရှုသူများကိုမျှဝေတင်ပြလိုက်ပါတယ်။

                                                ဆေးရုံကြီး၏မျက်နှာစာ

၁၈၄၉ မှာစတင်အတည်ပြု ပြဌာန်းခဲ့တဲ့ ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့
အသီးအပွင့်ဖြစ်တဲ့ဆေးရုံကြီးကို 1913 မှာစတင်တည်ထောင်ခဲ့ပြီး ဥယာဉ်မြို့အသွင်
ဆောက်လုပ်ထားပါတယ်။
ဝန်ထမ်းသုံးထောင်ရှိပြီးအဲဒီဝန်းကျင်ကပြည်သူ လေးသိန်းကိုစောင့်ရှောက်မှု
ပေးနိုင်ဖို့တည်ထောင်ခဲ့ကြောင်းသိရပါတယ်။
ဓါတ်ပုံထဲမှာလိုဆေးရုံကြီးထဲကိုယာဉ်တွေတောက်ရှောက်ဝင်သွားရုံပါဘဲ။

ဌာနတစ်ခုနဲ့တစ်ခုကူးမယ်ဆိုရင်ပန်းဥယာဉ်တွေကိုဖြတ်သန်းသွားရမှာပါ။
ပြည်သူတွေသက်တောင့်သက်သာဖြစ်ဖို့ရယ်၊ ဆေးရုံလို့မခံစားရအောင်ရယ်
ဒီဇိုင်းထုတ်ထားကြောင်းသိရပြီး ၀န်ထမ်းတွေအတွက်မြေအောက်ဥမင်လမ်းကိုပါ
ထဲ့သွင်းတည်ဆောက်ခဲ့ကြောင်းသိရပါတယ်။

မြို့ထဲကအိုအေစစ်(Green Oasis in the city) လို့တင်စားခေါ်ပါတယ်။
                                              ဆေးရုံကြီး၏အတွင်းပိုင်း


ကျွန်တော်တို့မြို့နယ်ဆေးရုံကနေလမ်းညွှန်မှုနဲ့စပယ်ရှယ်လစ်တွေစုံတဲ့
အဲဒီအထူးကုဆေးရုံကြီးကိုလာခဲ့ကြရတာဖြစ်ပါတယ်။
အဲဒီကိုသွားဆိုပြီး ပြီးစလွယ်လွှတ်လိုက်တာမဟုတ်ပါဘူး။
ဆရာဝန်ချင်းဆက်သွယ်ရှင်းပြ အချိန်ပါယူပြီးမှသွားခိုင်းတာပါ။
ဆေးရုံဝန်းကြီးကအကျယ်ကြီးဖြစ်ပေမဲ့ သွားရမယ့်ဌာနထိကားမောင်းသွား
လို့ရတာကြောင့် အဲဒီဌာနရဲ့ကားပတ်ကင်မှာကားရပ်ပြီးပန်းခြံလမ်းကို
တစ်မိနစ်ပြည့်အောင်မလျောက်ရဘဲလူနာကြို ဌာနကိုရောက်ပါပြီ။

ဆေးကုသမှုအားလုံးအခမဲ့ဖြစ်တဲ့အပြင် လူနာနဲ့ပါလာသူတွေအတွက်
ှုဧည့်ခန်းမှာသောက်စရာဖျော်ရည်စုံထားပေးတဲ့အပြင်နေ့လည်စာချိန်ရောက်
လာတော့အဆာပြေစားနိုင်ကြအောင် ဆင်းဒ၀ှစ်ပါလာထားပေးပါတယ်။
အလကားကျွေးတာမို့အဖြစ်လုပ်ထားတာမဟုတ်ပါဘူး။

မိတ်ဆွေရဲ့ကလေးကိုလဲအထူးကုဆရာဝန်ကသေသေချာချာစစ်ဆေးပေးပြီး
လိမ်းရမယ့်ဆေးတွေလဲသူနာပြုဆရာမကသေသေချာချာဘယ်လိုသုံးရမယ်
လမ်းညွှန်ပြီးအခမဲ့ပေးလိုက်ပါတယ်။
လိုအပ်တဲ့စောင့်ရှောက်မှုကိုလဲသက်ဆိုင်ရာဆေးရုံကဘယ်လိုဆောင်ရွက်ရမယ်
ဆိုတာသူတို့ဆေးရုံချင်းဆက်သွယ်သွားပါတယ်။
သင့်တော်တဲ့နေ့မှာပြန်လာပြနိုင်အောင်နဲ့အရေးပေါ်ဆောင်ရွက်စရာများရှိရင်လဲ
ဆက်သွယ်နိုင်အောင်လမ်းညွှန်မှုပေးလိုက်ပါတော့တယ်။

                                           ဆေးရုံကြီး၏ဂိတ်အ၀င်ပေါက်

ကျွန်တော့်အတွေးတစ်မြှင်။

သူများနိုင်ငံကပြည်သူတွေခံစားနေရတဲ့အခွင့်အရေးတွေကို
အထင်ကြီး မစားရ၀ခမန်းရေးပြနေခြင်းဆိုတာထက်
ငါတို့ပြည်သူတွေတစ်နေ့သူတို့လိုခံစားနိုင်ကြပါစေဆိုတဲ့စေတသိက်
သာအဓိကထားပါတယ်။

ကျွန်တော်သည်မည်သည့်ပါတီစွဲ၊ ပုဂ္ဂိလ်စွဲမှရှိသူမဟုတ်ဘဲ
နိုင်ငံရပ်ခြားမှာနေထိုင်တဲ့သာမန်မြန်မာလူမျိုးတစ်ဦးမျှသာဖြစ်ပါတယ်။
မြန်မာပြည်တိုးတက်မယ်၊ မြန်မာတိုင်းရင်းသားပြည်သူလူထုကောင်းစားမယ်
ဆိုရင်မည်သည့်အစိုးရမျိုးကိုမဆိုအားပေးထောက်ခံမယ့်သူပါ။

ကျွန်တော် ၁၉၉၅ မှာစပြီးမလေးရှားနိုင်ငံကိုထွက်ခဲ့ပါတယ်။
ယိုးဒယားမှာ ၁၀ရက်လောက် မလေးရှားမထွက်ခင်နေခဲ့ရကထဲက
သူတို့နိုင်ငံရဲ့ကောင်းမွန်တဲ့လမ်းတွေ၊ အဝေးပြေးလမ်းတွေကို
သတိပြု မိခဲ့ရပါတော့တယ်။
ပြည်သူ့ ပို့ဆောင်ရေးလုပ်ငန်းတွေကလဲကျွန်တော်တို့နိုင်ငံထက်
အများကြီးသာနေတာတွေ့ရပါတယ်။

မလေးရှားရောက်လို့ ၁၀နှစ်နေခဲ့တဲ့ကာလမှာလဲ သူတို့နိုင်ငံအစိုးရရဲ့
ပြည်သူအပေါ်စောင့်ရှောက်မှုတွေတွေ့ရပါတော့တယ်။
မြို့ပေါ်ကပြည်သူတွေတိုက်ခန်းပေါ်အားလုံးရောက်လို့ ကျေးရွာပြည်သူ
တွေလဲတိုက်တွေနဲ့နေနိုင်အောင်ဖန်တီးပေးထားပါတယ်။
ပြည်သူ့ဆေးရုံတွေလဲ အဆင့်မှီတာတွေ့ခဲ့ရပါပြီ။
စူပါမာကက်ကြီးတွေ၊ အပန်းဖြေစရာနေရာဒေသတွေဆိုလဲ
လူတန်းစားမရွေးဝယ်နိုင်ခြမ်းနိုင်၊ လည်ပတ်နိုင်ကြပါတယ်။

အဝေးပြေးလမ်း၊ မိုးပျံလမ်းတွေကိုအဆင့်မှီပြည်သူလူထုလုံခြုံ စိတ်ချစွာ
သွားလာနိုင်အောင်ဖေါက်လုပ်ပေးထားပါတယ်။
ပြည်သူ့ဆက်သွယ်ပို့ဆောင်ရေးကောင်းနေပါပြီ။
ပြည်သူတွေဝမ်းဝကာမှ ပူထရာဂျာရာ ဆိုတဲ့အစိုးရရုံးစိုက်ရာမြို့ကို
တည်ထောင်ခဲ့ပါတယ်။
မြို့တော် ကွာလမ်လမ်ပူ ကနေ ၄၅ မိနစ်ဝန်းကျင်မောင်းရုံပါဘဲ။
ဝန်ကြီးရုံးတွေ၊ သံရုံးတွေကိုတစ်နေရာထဲမှာဘဲကိစ္စပြီးငြိမ်းအောင်
ဆောင်ရွက်နိုင်ကြဖို့ပါ။

ဒိန်းမတ်ရောက်လို့ ၁၀နှစ်နီးပါးအတွင်းမှာလဲ ဒီမိုကရေစီအသားကျနေပြီး
ဖြစ်တာနဲ့အညီ အစိုးရကသူ့ရဲ့ပြည်သူလူထုကို မွေးဖွားချိန်ကနေ သေဆုံးချိန်
အထိစောင့်ရှောက်မှုပေးတာတွေကိုမျက်ဝါးထင်ထင်တွေ့ရပါပြီ။

သူတို့နိုင်ငံတွေကျွန်တော်တို့နိုင်ငံထက်လဲထူးပြီးသယံဇာတမထွက်ပါဘူး၊
လူဖြစ်ခဲ့ကြတာချင်းအတူတူ ငါတို့နိုင်ငံကပြည်သူတွေသူတို့လို
အစိုးရရဲ့စောင့်ရှောက်မှုတွေဘာလို့မခံစားခဲ့ကြရတာလဲတွေးကြည့်မိတော့

သူတို့အစိုးရတွေကို ပြည်သူကမကြိုက်တော့ရင်၊ ဒါမှမဟုတ် ပြည်သူ့အတွက်
တာဝန်ပျက်ကွက်တယ်လို့မြင်ရင် ပြည်သူကဖြုတ်ချနိုင်တဲ့အခွင့်အရေးရှိနေတာပါဘဲ။
ဒါကြောင့်တက်လာတဲ့မည်သည့်ပါတီ၊ အစိုးရမဆို ဖင်ထိုင်ခုံလေး ၄နှစ်၊၅နှစ် တန်သည်
မြဲဖို့ ပြည်သူနဲ့နိုင်ငံအတွက်လုပ်ပြကြဖို့ကအရင်အဓိကဦးစားပေးဘဲဖြစ်ပါတော့တယ်။

ကျွန်တော်တို့နိုင်ငံကအခုမှ အဲလိုဖြစ်နိုင်အောင်ပြည်သူ့အစိုးရဖြစ်နိုင်ဖို့အတွက်
"ပြည်သူ့ဒီမိုကရေစီအခြေခံဥပဒေ"ကိုဝိုင်းဝန်းရေးဆွဲကြရမှာဖြစ်ပါတယ်။
လက်ရှိအစိုးရကော၊ တပ်မတော်သားအားလုံးကော၊ နိုင်ငံရေးပါတီအားလုံး
သာမက နိုင်ငံသားတိုင်းမှာတာဝန်အနဲနဲ့အများရှိနေကြတဲ့အချိန်ပါ။

ပြောရရင် လက်ရှိအစိုးရကော၊ တပ်မတော်ဗိုလ်ချုပ်ကြီးများပါ တစ်ချိန်မှာပြည်သူဘဝ
ပြန်ရောက်ကြရမှာမို့သူတို့အတွက်လဲဖြစ်ပါတယ်။ သားစဉ်မြေးဆက်အတွက်
စစ်မှန်တဲ့ ပဒေသာပင်ကိုမျိုးစေ့ချပေးရတော့မယ့်အချိန်ပါ။

ဒီလိုပြည်သူ့လက်ထဲအာဏာရောက်သွားပြီဆိုမှ စနစ်တွေအများကြီးကို
ပြင်ဆင်ကြရအုံးမှာဖြစ်ပါတယ်။ နေရာဘဲလိုချင်တဲ့၊ လာဘ်စားချင်တဲ့ပြည်သူ့
ကိုယ်စားလှယ်တွေကို ပြည်သူကဖယ်ရှားသွားနိုင်မှာဖြစ်ပါတယ်။
၂၀၁၅ ကပြည်သူ့အတွက်တကယ်အလုပ်လုပ်ပေးမယ့်သူတွေရဲ့ပွဲဖြစ်ဖို့လိုပါတယ်။

ကျွန်တော်တို့သားစဉ်မြေးဆက်ခေတ်ရောက်ရင်..

လယ်သမား၊ သာမန်အလုပ်သမားသားသမီးလဲနိုင်ငံခြားကိုပညာသင်လွှတ်နိုင်အောင်
(တနည်း) ပြည်တွင်းမှာဘဲအဆင့်မှီပညာရေးစနစ်ကို သမတ၊ ၀န်ကြီးချုပ်သားသမီးလဲ
ဒီကျောင်း၊ အများပြည်သူ့သားသမီးလဲဒီကျောင်း ဘဲအတူတူတက်ကြရတဲ့
ပြည်သူ့ကျောင်းတွေပေါ်လာအောင်၊

အစိုးရနဲ့ပြည်သူ အေးအတူပူအမျှ ဖြစ်ရအောင်၊

တပ်မတော်နဲ့ပြည်သူကြည်ဖြူ ဆိုတဲ့ဆောင်ပုဒ်တကယ်ဖြစ်လာအောင်၊

အမျိုး၊ ဘာသာ၊ သာသနာကိုလဲစောင့်ရှောက်ပြီးဖြစ်အောင်၊

ခြစားနေတဲ့အပေါ်ထပ်အဆောက်အအုံကဒေါက်တိုင်တွေကို
အသစ်လဲနိုင်အောင်၊

အခွန်ရှောင်လို့မရဘဲ ချမ်းသာလေပြည်သူ့ဆီရောက်လေဆိုတဲ့
စနစ်ကျလာဘ်မစားတဲ့နိုင်ငံတော်အခွန်ဌာနပေါ်ထွန်းလာအောင်၊

မိုးခါးရေဖြတ်ပွဲကြီးခြိမ့်ခြမ့်သည်းကျင်းပနိုင်အောင်၊

အစိုးရ၀န်ထမ်းဆိုပြီးနှောင်ကြိုးချည်မခံရဘဲ နိုင်ငံပြည်သူ့ဝန်ထမ်းစစ်စစ်တွေ
အဖြစ်နဲ့လုံလောက်တဲ့လစာရကြရအောင်၊

ပညာရေးဝန်ထမ်းများနိုင်ငံတကာမှာလိုလစာကောင်း၊ ဂုဏ်သရေရှိပြီး၊
အစိုးရရဲ့အနိုင်ကျင့်မှုများမှကင်းဝေးအောင်၊

အသိပညာရှင်၊ အတတ်ပညာရှင်၊ ဆရာဝန်များပါမိမိနိုင်ငံမှာဘဲ
ထိုက်ထိုက်တန်တန်အသက်မွေးဝမ်းကြောင်းပြုနိုင်ကြအောင်၊

ရဟန်းသံဃာတော်များလဲတရားဓမ္မမှာဘဲမွေ့ပျော်နိုင်ကြအောင်၊

ကလေးတွေဗွက်ထဲကရုန်းပြီး ကျောင်းမတက်ကြရအောင်၊

မိမိသားသမီးတွေ နိုင်ငံရပ်ခြားသွားပြီးဝမ်းစာရှာဖို့မလိုအောင်၊

ပြည်ပသွားဆေးကုသဖို့ မလိုအောင်၊

အိုစာမင်းစာစုဆောင်းဖို့မလိုအောင်၊

ဦးနှောက်ယိုစီးမှုတွေမဖြစ်အောင်၊

ဗိုလ်ချုပ်အောင်ဆန်းကိုအပြစ်ပြောတဲ့သူမျိုးတွေမရှိရအောင်၊

ကုန်ကုန်ပြောရရင် အရက်ကြိုက်တတ်သူများလဲ
မြန်မြန်မသေကြရအောင်၊
ဘတ်(စ်)ကားခိုစီးလို့ ပြုတ်ကျ ခြင်းမှကင်းအောင်၊
အဆင့်မှီအမြန်လမ်းမတွေမှာပြည်သူတွေအသက်အန္တရာယ်ကင်းပြီး
ခရီးသွားလာနိုင်ကြရအောင်၊

ကျွန်တော်တို့လိုလဲမိဝေးဖဝေးမနေကြရအောင်၊

"စစ်မှန်တဲ့ပြည်သူ့အခွင့်အရေးအခြေခံဥပဒေများလဲစာအုပ်ထဲကအပြင်ထွက်လာအောင်"

"ပြည်သူ့ဒီမိုကရေစီအခြေခံဥပဒေ" ပေါ်ထွန်းပြီး
"ပြည်သူ့ဒီမိုကရေစီအစိုးရ" ပေါ်ထွက်လာဖို့လိုပါကြောင်း

စာရှုသူပြည်သူများအားတင်ပြလိုက်ရကြောင်းပါခင်ဗျား။

မင်းမော်လှမြင့်(YSO,PKU)

                                            ဆေးရုံကြီးရဲ့မျက်နှာစာကရုပ်ထု


Wednesday, 3 September 2014

ဒိန်းမတ်ကခလေးသူငယ်စောင့်ရှောက်မှုနှင့်ပညာရေး

မြန်မာနိုင်ငံကသူငယ်ချင်းအယ်ဒီတာတစ်ဦးရေးတဲ့"ဖားတစ်ပိုင်း ငါးတပိုင်း ဖားလောင်းကျောင်းကလေး"ဆောင်းပါးလေးကိုဖတ်မိပြီး
ကျွန်တော်တို့နိုင်ငံမှာမူလတန်းပညာကိုတောင်သင်ဖို့ အဆင်မသင့်ကြတဲ့ခလေးငယ်တွေနဲ့မူလတန်းကျောင်းလေးတွေကို
ပင်ပန်းတကြီးသွားလို့တက်ရောက်နေကြရတဲ့ ကျေးလက်တောရွာတွေက ခလေးကျောင်းသားတွေရဲ့ဘ၀ကိုစာနာစိတ်နဲ့အတူ
ဒီဘက်ကဒီမိုကရေစီနိုင်ငံတွေမှာ ခလေးတွေပညာရေး၊ အသိပညာဖွံ့ဖြိုးရေး ကနိုင်ငံတော်အတွက်အထူးအရေးပါကြောင်း
သဘောပေါက်ကြတာနဲ့အညီ ဘယ်လိုဘယ်ပုံ ခလေးတွေအတွက်ဆောင်ရွက်ပေးထားကြတယ်ဆိုတာကို မိမိနိုင်ငံနဲ့သင့်တော်တဲ့
ကောင်းတဲ့အရာလေးတွေအတုယူဆောင်ရွက်နိုင်ကြအောင် ဒိန်းမတ်နိုင်ငံကခလေးသူငယ်စောင့်ရှောက်မှုကိုလက်လှမ်းမီသမျှတင်ပြလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်နှင့်မွေးဖွားချိန်

ဒိန်းမတ်နိုင်ငံမှာသူ့နိုင်ငံသားနဲ့မှီတင်းနေထိုင်ခွင့်ရကြတဲ့သူတိုင်းကို တပြေးညီစောင့်ရှောက်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှစလို့သက်ဆိုင်ရာဆရာဝန်နဲ့သူနာပြုဆရာမတို့ကကျန်းမာရေးစောင့်ရှောက်မှုပေးပါတယ်။
သက်ဆိုင်ရာသူနာပြုက အိမ်တိုင်ရာရောက်စောင့်ရှောက်မှုပေးပါတယ်။
မွေးဖွားချိန်ရောက်ပြန်တော့လဲ သက်ဆိုင်ရာဆေးရုံမှာအဆင်ပြေစွာမွေးဖွားနိုင်အောင်စီစဉ်ပေးပါတယ်။
အားလုံးအခမဲ့ဆိုပေမဲ့လဲ စေတနာအပြည့်နဲ့ဝန်ဆောင်မှုကိုမိခင်လောင်းတိုင်း ခလေးငယ်တိုင်း
ရရှိကြပါတယ်။
ဘုရင်မမြေးဘဲဖြစ်ဖြစ် ၀န်ကြီးချုပ်ကိုယ်တိုင်မီးဖွားရင်ဘဲဖြစ်ဖြစ် ဒီပြည်သူ့ဆေးရုံမှာဘဲ
သာမန်ပြည်သူတွေလိုဘဲမီးဖွားကြတာဖြစ်ပါတယ်။
ခလေးငယ်တွေဟာလဲ ၁၈နှစ်ပြည့်တဲ့အထိလစဉ်နိုင်ငံတော်ကနေသင့်တင့်တဲ့ထောက်ပံ့ကြေးကိုရရှိကြပါတယ်။

နေ့ခလေးထိန်းကျောင်းသွားကြရပြီ
                                             ၉လကနေ၃နှစ်အထိခလေးတန်း

ဒီနိုင်ငံကခလေးတွေဟာကျွန်တော်တို့နိုင်ငံကခလေးတွေလိုတော့အမေ့ရင်ခွင်မှာကြာကြာကြီး
အားရအောင်မနေကြရရှာပါဘူး။
ယောက်ကျားမိန်းမအခွင့်အရေးတူဖြစ်တာနဲ့အညီ လင်ရောမယားပါအလုပ်လုပ်ကြတဲ့နိုင်ငံဖြစ်တာကြောင့်
ခလေးတွေတစ်နှစ်ဝန်းကျင်ဆိုနေ့ခလေးထိန်းကျောင်းကိုပို့ကြရပါပြီ။
ကျောင်းအလိုက် ၆လအရွယ်၊ ၉လအရွယ်ဆိုရင်ကျောင်းလက်ခံပါပြီ။

ကျွန်တော်အလုပ်ဝင်နေတဲ့ကျောင်းကတော့ နိုင်ငံတော်ကပံ့ပိုးမှုနဲ့ဖွင့်လှစ်ထားတဲ့မြို့ငယ်လေးတစ်မြို့က
နေ့ခလေးထိန်းနဲ့တွဲထားတဲ့ မူကြိုကျောင်းကလေးဘဲဖြစ်ပါတယ်။
အခန်းတွေနဲ့ဆရာ၊ဆရာမတွေကိုသီးခြားတာဝန်တွေခွဲပေးထားပါတယ်။
၉လကနေ၃နှစ်ထိခလေးတန်း၊ ၃နှစ်မှ၎နှစ်ကအငယ်တန်း၊ ၄နှစ်က၅နှစ်ထိအလတ်တန်းနဲ့၅နှစ်က၆နှစ်ထိ
အကြီးတန်းဆိုပြီးခွဲထားပါတယ်။
ကျောင်းဝန်းထဲကစားချိန်တွေမှာတော့ ၃နှစ်ကနေအထက်တွေအတူတူကစားနိုင်ကြပါတယ်။
ကျောင်းကိုမနက် ၇နာရီကနေညနေ ၅နာရီထိ၊ တနင်္လာကနေသောကြာထိဖွင့်ပေးထားပါတယ်။
မနက် ၇နာရီကစလို့မိဘတွေအလုပ်သွားရင်းအဆင်သင့်သလို ခလေးတွေကျောင်းကိုရောက်ရှိလာကြပါပြီ။
အပြန်အကြိုကျလဲအလျဉ်းသင့်သလို မိဘတွေအလုပ်ပြီးချိန်ကစလို့ကျောင်းမပိတ်ခင်လာကြို သွားကြပါပြီ။

၆လ၊ ၉လကနေ၃နှစ်ထိနေ့ကလေးထိန်းကျောင်းကိုတော့ ကျွန်တော်အလုပ်ဝင်နေတဲ့ကျောင်းကြီးလိုမျိုး
မရှိသေးတဲ့မြို့အသေးလေးတွေမှာဘဲအပ်နိုင်အောင်နိုင်ငံတော်ကစီစဉ်ပေးထားပုံကလဲ
စိတ်ဝင်စားဖို့ကောင်းပါတယ်။
ခလေးသူငယ်သင်ကြားခြင်းဆိုင်ရာဒီပလိုမာ(Educator)ကျောင်းဆင်းပြီးသူတစ်ဦးဟာ မိမိအိမ်မှာဘဲကျောင်းဖွင့်ခွင့်လျောက်ထားနိုင်ပါတယ်။
သက်ဆိုင်ရာကလာရောက်ကြည့်ရှုပြီးခလေးတွေအတွက်သင့်တော်တဲ့ နေရာဖြစ်မယ်ဆိုရင်ဖွင့်ခွင့်ရပါပြီ။
သူ့ကိုအိမ်စိုက်ခအပါအ၀င်သက်ဆိုင်ရာကလခပေးပါတယ်။
အများဆုံးဆရာမတစ်ဦးကိုခလေး ၄ယောက်ဘဲစောင့်ရှောက်ခွင့်ပေးပါတယ်။
ကျွန်တော်နေထိုင်တဲ့မြို့ သေးသေးလေးမှာဘဲအခုလို ၄ယောက်လက်ခံတဲ့အိမ်ကျောင်းလေးတွေ
ဖွင့်လှစ်ထားတာတွေ့ရပါတယ်။
သူတို့တွေသတ်မှတ်ရက်မှာအပြင်လည်နိုင်အောင်လဲသက်ဆိုင်ရာကကျောင်းလေးတွေကိုလိုအပ်တဲ့
ခလေး၎ယောက်စီးတွန်းလှည်း စတာတွေပံ့ပိုးပေးကြောင်းသိရပါတယ်။


                 မြို့လေးကကျောင်းကြီးကိုအလည်လာကြတဲ့အိမ်ကျောင်းကကား၂စီး

ခလေးတန်းက ကလေးတွေမှစလို့ ကိုယ်တိုင်အစားအစာ စားတတ်အောင်သင်ပေးပါပြီ။
နံနက်ခင်းစာ၊ နံနက်သစ်သီးစာ၊ နေ့လည်စာ နဲ့ နေ့လည်သစ်သီးစာတွေကိုကိုယ်တိုင်စားစေပါတယ်။
နို့ဘူးမလွတ်သေးတဲ့ကောင်တွေကိုလဲ နို့ဘူးတိုက်ရပါတယ်။ အိပ်ချိန်မှာအိပ်ကြရပါတယ်။

ဒီကောင်တွေကစကားလဲမတတ်သေးတော့ သူငယ်ချင်းမဖွဲ့တတ်သေးပါဘူး။
ဝူးဝူးဝါးဝါးနဲ့ပြောချင်တာပြောပြီး တစ်ဦးချင်းစီ စိတ်ကူးပေါက်ရာလုပ်နေကြတာပါဘဲ။
ကစားချိန်တွေမှာလမ်းလျှောက်တတ်ကာစတွေမို့ ယိုင်ထိုးယိုင်ထိုး တောက်တောက်၊ တောက်တောက်
နဲ့လျှောက်သွားပြီး လောကကိုစူးစမ်းနေကြပါတယ်။
၂နှစ်ဝန်းကျင်ဆိုစက်ဘီးအသေးလေးတွေစီးတတ်ကြပါပြီ။ စက်ဘီးစီးချိန်ကိုသူတို့အင်မတန်ကြိုက်ပါတယ်။
ဆရာ၊ ဆရာမတွေကဘေးမဖြစ်အောင်ကြည့်ရှုနေရုံပါဘဲ။
ကျောင်းဝန်းထဲမှာပတ်ပြီးစီးနေကြရောဘဲ။ ဒါကြောင့်စက်ဘီးမစီးတတ်တဲ့ဒိန်းမတ်လူငယ်မရှိပါဘူး။

စကားပြောတတ် စကားနားလည်ပြီဆိုတာနဲ့ အက္ခရာအခြေခံလေးတွေ၊ ကဗျာလေးတွေစဆိုကြရပါပြီ။
သူတို့ရဲ့ခလေးအခွင့်အရေးအရ ခလေးတွေသဘောမတူဘဲဘာတစ်ခုမှလုပ်လို့မရပါဘူး။
တစ်လောတုန်းက ကျောင်းအုပ်ဆရာမကြီးအလုပ်ပြောင်းမှာမို့ ကျွန်တော်တို့ဆရာ၊ဆရာမတွေရဲ့
လက်ဆောင်ပန်းခြင်းအပြင် ကျောင်းသားတွေရဲ့အမှတ်တရလက်ဆောင်အဖြစ်ခြေဖ၀ါးရာတွေပေးဖို့
လက်ထောက်ကျောင်းအုပ်ဆရာမကြီးကစီစဉ်ပါတယ်။
ပေါက်ပေါက်ရှာရှာဗျာ။ ရွှေဥာဏ်တော်ကလဲစူးရောက်ပါ့။

ခလေးတွေခြေဖ၀ါးမှာပန်းချီဆွဲတဲ့ရေဆေးနဲ့သုတ်ပြီး နံကာစက္ကူ ချပ်ပေါ်မှာနှိပ်ပေးရတာပါ။
ဘာ့အတွက်ဆိုတာသေသေချာချာသဘောပေါက်အောင်ရှင်းပြပြီးမှ သူတို့သဘောတူမှလုပ်ရပါတယ်။
၂နှစ်ခွဲကောင် မစ်ခေးနဲ့ ၄နှစ်ကောင် ဒင်နီရယ်က သဘောမတူလို့ အတင်းမလုပ်ပါဘူး။
သူတို့သဘောတူတဲ့ သူတို့ခြေဖ၀ါးရာကိုဘေးကကွင်းပြီးဆွဲတာကိုဘဲရပါတယ်။
ခလေးတွေကိုဘယ်တော့မှမရိုက်ရပါဘူး။ လိမ်ဆွဲတာ၊ ခေါင်းခေါက်တာတွေလုံးဝမလုပ်ရပါဘူး။
ဘယ်ဟာကကောင်းတယ်၊ မကောင်းဘူးဆိုတာကိုနားလည်အောင်သင်ပြပေးသွားပါတယ်။

နေ့ခလေးထိန်းမှသည်မူကြိုဆီသို့

၃နှစ်ပြည့်တဲ့အခါမတော့မူကြိုအငယ်တန်းကိုသူတို့ရောက်ကြပါပြီ။
ခလေးတွေကသိတတ်လာတာနဲ့အမျှ ဆရာ၊ဆရာမကိုမကြောက်ပါဘူး။ ချစ်ကြပါတယ်။
ဒါကြောင့်ဆရာ၊ ဆရာမအမိန့်ကိုနာခံလိုက်နာကြပါတယ်။
လူဆိုးတစ်ယောက်စနှစ်ယောက်စလဲရှိတာမို့ သူတို့ဖေါက်လာရင် ဆရာ၊ဆရာမတစ်ဦးက
သီးသန့်ထိန်းရပါတော့တယ်။ မရတော့ရင်မိဘကိုဖုန်းဆက်ပြီးလာအခေါ်ခိုင်းရတာပါဘဲ။
ဒီကောင်တစ်ချို့ဖေါက်လာပြီးပြောမရတော့ရင် ကျွန်တော်ကတော့လက်အတော်ယားပါတယ်။
ကျွန်တော်တို့ဆီမှာဆိုရင် ၀ါးခြမ်းပြားစာတော့ကျွေးသင့်နေပြီပေါ့။


                       ကျွန်တော်နဲ့အကြီးတန်းကကျွန်တော့်ဆရာများ

သင်ကြားမှုတစ်ချို့

၃နှစ်မှစလို့အရောင်အခေါ်အဝေါ်များကိုသင်ကြားပါပြီ။ ခလေးတွေကိုစာသင်ချိန်ဆိုပြီးသီးသန့်
ထားမနေပါဘူး။ ကစားရင်းနဲ့အလျဉ်းသင့်သလိုသင်ပြသွားတာပါ။
သူတို့အတွက်ကိုယ်ပိုင်ရေသောက်ခွက်ရောင်စုံလေးတွေထားပေးပါတယ်။
သူတို့ကြိုက်တဲ့ခွက်မှာ သူတို့နံမည်ကိုရေးထိုးပေးထားပြီး ကိုယ့်ခွက်နဲ့ကိုယ်ဘဲသောက်ရမယ်
လို့စည်းကမ်းသတ်မှတ်ပေးထားပါတယ်။

အားလုံးလိုက်နာကြပါတယ်။ သူတို့ဘာသာရှာလို့မရတော့ရင်ဆရာကိုအကူအညီတောင်းနိုင်
ပါတယ်။ ဆရာကဘာအရောင်လဲလို့အရင်မေးပါလိမ့်မယ်။ အရောင်ကိုတော့မှန်အောင်သူတို့
ပြောနိုင်ကြပါပြီ။ ဆရာကရေခွက်တင်တဲ့ခုံပေါ်မှာတွေ့ပြီဆိုရင်ချက်ချင်းယူမပေးပါဘူး။
သူ့တို့ကိုဘဲသေသေချာချာပြန်ရှာခိုင်းပါတယ်။ ဒီလိုနဲ့သူတို့အဓိကကျတဲ့အရောင်တွေနဲ့နံမည်
စာလုံးပေါင်းတွေကိုမျက်စိယဉ်သွားကြပြီး အလတ်တန်းလောက်ဆိုနံမည်ရေးတတ်နေကြပါပြီ။

ဒီနိုင်ငံမှာစနစ်ကျတဲ့အိမ်အမှိုက်စွန့်စနစ်ရှိပါတယ်။ အိမ်တိုင်းကိုအပြင်မှာအမှိုက်ပုံးကြီး၂ပုံးထားပေးပါတယ်။
ဒါကြောင့်ကျွန်တော်တို့တတွေအိမ်တွင်းမီးဖိုချောင်မှာအမှိုက်အိတ်၂လုံးခွဲထားကြရပါတယ်။
သားငါးသစ်သီးဝလံစားကြွင်းစားကျန်နဲ့စက္ကူ ၊နံကာချပ်များကိုသတ်သတ်ခွဲပစ်ပေးရပါတယ်။
ကျန်အမှိုက်တွေကိုတော့တအိတ်သတ်သတ်ထားပေးရတာပေါ့။ Recycling လုပ်မှာကြောင့်ပါ။
ဒါကြောင့် ၃နှစ်နဲ့အထက်တွေအစာစားချိန်တိုင်း သူတို့စားပွဲပေါ်မှာအမှိုက်ခွက်၂လုံးတင်ပေးထားရပါတယ်။
သူတို့ဘယ်တော့မှမှားမပစ်ပါဘူး။ စည်းကမ်းဆိုတာအများကောင်းဖို့မဖြစ်မနေလိုက်နာရမယ်ဆိုတာ
သူတို့စိတ်ထဲမှာစွဲစေပါတယ်။

ဒီလိုကောင်းတဲ့အဆုံးအမတွေနဲ့ကြီးပြင်းလာတဲ့ခလေးဟာ ကြီးလာလို့ကားမောင်းတဲ့အခါယာဉ်စည်းကမ်းဖေါက်ပြီး
လမ်းဘေးမှာကားမရပ်တော့ပါဘူး။ ဒီနိုင်ငံမှာရှက်စရာအကောင်းဆုံးတစ်ခုကစည်းကမ်းဖေါက်ခြင်းပါဘဲ။
စည်းကမ်းဖေါက်ခြင်းကိုဥပဒေအရသာမကလူမှုရေးအရပါခွင့်မပြုတာတွေ့ရပါတယ်။

အကြီးတန်းသမားတွေကိုတော့ သီးသန့်ဘာသာပြဆရာက ကကြီးခကွေးကောင်းကောင်းရေးတတ်
ဖတ်တတ်အောင် တစ်ဦးချင်းတစ်ပါတ်မှာ ၂ကြိမ်သင်ပေးပါတယ်။
သူတို့ကနဲနဲအရေးကြီးတယ်လေ။ ၆နှစ်ပြည့်ရင်ပြည်သူ့ကျောင်းကြီးမှာသူငယ်တန်းဝင်ရတော့မှာကိုး။


                       ဒင်နီရယ်က ဇ လေးနဲ့ပါ၊ ကောင်မလေးကိုရေခွက်ရှာပေးနေတာလေ

ပြင်ပလေ့လာရေးခရီး

မကြာခဏလဲခလေးတွေကို ပြင်ပလေ့လာရေးခရီးတွေပို့ပေးလေ့ရှိပါတယ်။
စီးလုံးဌားဘတ်(စ်)ကားရှည်ကြီးနဲ့သွားကြတဲ့ခရီးစဉ်တွေစီစဉ်ပေးသလို ပြည်သူ့ပို့ဆောင်ရေးမီးရထား၊
ဘတ်(စ်)ကားတွေနဲ့လဲသွားကြရတဲ့ခရီးစဉ်တွေရှိပါတယ်။ ဒါကြောင့်ဒိန်းမတ်နိုင်ငံရဲ့ပြည်သူ့ပို့ဆောင်ရေးယာဉ်
တွေပေါ်မှာခလေးတစ်အုပ်ကြီးပျော်နေတာကိုမကြာခဏတွေ့ကြရမှာဘဲဖြစ်ပါတော့တယ်။
ခလေးအားလုံးစည်းကမ်းတကျနဲ့အများပြည်သူတွေနဲ့အတူခရီးသွားကြတာပါ။

လမ်းလျောက်ရမယ့်နေရာတွေမှာသူတို့၂ယောက်စီလက်တွဲပြီးလျောက်ကြရပါတယ်။
လက်တွဲဖေါ်ကို ခရီးမစခင်မှာသတ်မှတ်ပေးရပြီးဆရာ၊ ဆရာမကရှေ့နဲ့နောက်ဆုံးကနေလိုက်ရပါတယ်။
၁၀မိနစ်ကျော်လမ်းလျောက်ကြပြီဆိုရင်တော့ပြသနာနဲနဲရှိလာပါပြီ။
ဖရက်ဒရစ်လူဆိုးကသူ့လက်တွဲဖေါ်ကောင်မလေး အီဒါရဲ့လက်ကိုအားထဲ့ညှစ်နေတာမျိုး
လူနောက် အိုလာကကောင်မလေးမီလာရဲ့ခြေထောက်ကိုလိုက်နင်းနေတာမျိုးတွေဖြစ်လာရင်တော့
တန်းခဏရပ်ပြီး နဲနဲဆုံးမလို့လက်တွဲဖေါ်ပြောင်းပေးရပါတယ်။

"ဟ.ဟ ဒါတွေကဘယ်လိုတွေတုန်းဟ" ပြီးခဲ့တဲ့အပတ်က ဘုန်းဘုန်းရွှေည၀ါဆရာတော်ဘုရားဒိန်းမတ်နိုင်ငံကို
ဓမ္မဒူတခရီးကြွစဉ် Hillerod မြို့မှာ ၁၆ရာစုကထဲကတည်ဆောက်ထားခဲ့ကြတဲ့ Frederiksborg Castle  
ကြီးကိုလိုက်ပြစဉ် ခလေးတန်းကြီးကိုမြင်လိုက်ရတာကြောင့် မေးခွန်းထုတ်လိုက်တာဘဲဖြစ်ပါတော့တယ်။
"မူကြိုကျောင်းကခလေးတွေကို သမိုင်းအမွေအနှစ်တွေဘယ်လိုထိန်းသိမ်းထားတယ်ဆိုတာလေ့လာရေးခရီး
ကျောင်းကလိုက်ပို့တာပါဘုရား" ပါလာတဲ့ယာယီကပ္ပိယ စိုင်းထူးကလျောက်ထားလိုက်တဲ့အခါ
"ဒို့ဆီမှာတော့ဒီလိုမျိုးက ဘဲတွေကျောင်းတာဘဲတွေ့ဘူးတယ်ကွ၊ သူတို့ကခလေးတွေကိုလူတွေလိုဂရုစိုက်ကြတာကိုး"
လို့မိန့်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၅ရာကျော်ကရဲတိုက်ကြီးကို ဘုရင်လက်ရှိနေသလိုမျိုးထိန်းသိမ်းထားကြတာဘဲဖြစ်ပါတယ်။


                  ခေတ်ဟောင်းဥယာဉ်သွားစဉ် ပင်လယ်ဓါးပြပုံပြင်ပြောပြနေတာ

ကျောင်းကြီးနဲ့လဲမစိမ်းရအောင်

မူကြိုအကြီးတန်းကခလေးတွေကို ၆နှစ်ပြည့်ရင်သူတို့ဆက်တက်ရမဲ့ကျောင်းကြီးကိုတစ်ပါတ်မှာ၂ခေါက်
အလည်လိုက်ပို့ပေးပြီးကစားစေပါတယ်။ ကျောင်းကြီးကကောင်တွေကလဲဒီမူကြိုကျောင်းထွက်တွေဘဲ
များတာမို့သူတို့ချင်းရင်းနှီးကြပြီးသားပါ။
၆နှစ်ပြည့်လို့စာသင်နှစ်ဆုံးချိန်မှာတော့ သူတို့ကိုကျကျနနပလပ်စတစ်လောင်းထားတဲ့မူကြိုဒီပလိုမာ
အောင်လက်မှတ်နဲ့အတူ သူတို့မူကြို မှာ၅နှစ်ဝန်းကျင်နေခဲ့စဉ်ကရေးဆွဲခဲ့တဲ့ပန်းချီကား၊ လူတဘက်သား
ကိုအကောင်းဆုံးပေးခဲ့တဲ့ကူညီမှုမှတ်တမ်းစတာတွေပါတဲ့ ဖိုင်တွဲကိုအပ်နှင်းခြင်းခံရပါပြီ။

ကျွန်တော့်ချစ်ဇနီးငယ်ငယ်ကလို ကျောင်းအပ်လို့ငို အဘကပြန်ခေါ်လာ ၇နှစ်မှကျောင်းပြန်အပ်၊
ဆိုတာမျိုးတွေမဖြစ်တော့ဘဲ ကျွန်တော့်ဆရာ၆နှစ်ပြည့်တွေကတော့မူလတန်းကျောင်းတော်ကြီးကို                         
တက်ရောက်ခွင့်ရကြတော့မှာမို့တက်ကြွတဲ့ကြက်ဖတွေဖြစ်နေကြတာကိုမြင်ရမှာဘဲဖြစ်ပါတော့တယ်။

အားလုံးအတူတူ

ကျွန်တော်တို့မူကြိုကျောင်းလေးမှာစုစုပေါင်းကျောင်းသားခြောက်ဆယ်ကျော်ရှိပါတယ်။
အားလုံးအတူတူညီမျှတဲ့စောင့်ရှောက်မှုကိုရကြပါတယ်။ မိဘတွေကလဲကာယလုပ်သား၊
ဥာဏလုပ်သားသာကွဲမယ် ၀င်ငွေတွေပြောပလောက်အောင်မကွာခြားကြပါဘူး။
ဒါကြောင့်ဂုဏ်တုဂုဏ်ပြိုင်ဆိုတာဒီနိုင်ငံမှာမရှိပါဘူး။ လူကြီးတွေကလဲဘာစိန်တွေရွှေတွေ
မှဝတ်မနေပါဘူး။ ခလေးတွေကိုလဲလိုအပ်တဲ့အသုံးအဆောင်ကလွဲရင်ဘာမှဆင်ပေးမနေပါဘူး။

မရောင်ရာဆီမလူးတဲ့နိုင်ငံပါ။ နိုင်ငံကိုအုပ်ချုပ်နေတဲ့ သာမန်ပြည်သူထဲကဘဲလာတဲ့နိုင်ငံရေးသမား၊
အုပ်ချုပ်သူတွေကလဲ နိုင်ငံတိုးတက်သည်ထက်တိုးတက်အောင် ပြည်သူတွေအဆင်ပြေသည်ထက်
ပြေအောင် ဘာတွေပြုပြင်ရင်ကောင်းမလဲဆိုတာတွေဘဲ လွှတ်တော်မှာအမြဲဆွေးနွေးနေကြပါတယ်။

အချုပ်ပြောရရင်ဖြင့် ကျွန်တော်တို့ထက်သယံဇာတထူးမထွက်တဲ့နိုင်ငံပါ။
ရာသီဥတုတောင်ကျွန်တော်တို့ထက်ကြမ်းတယ်ပြောရပါ့မယ်။ သိပ်မဝေးသေးတဲ့ကာလတုန်းက
အအေးဒဏ်ခံနိုင်ဖို့ မြင်းတွေနွားတွေနဲ့အတူအိပ်ခဲ့ကြရတဲ့နိုင်ငံပါ။
အခုတော့ပြည်သူတွေဝိုင်းဝန်းစိုက်ပျိုးခဲ့ကြတာတွေကို ၀ိုင်းဝန်းလို့ဘဲရိတ်သိမ်းနေနိုင်ကြပါပြီ။

ကျွန်တော်တို့နိုင်ငံမှာလဲခေတ်မမှီတော့တဲ့ အိုးရွှဲ့ကိုစားလောင်းရွှဲ့နဲ့ဖုံးတဲ့ဇာတ်လမ်းတွေခ၀ါချလို့
နိုင်ငံတော်အနာဂတ်ကောင်းရလေအောင် အနာဂတ်ရဲ့ရင်သွေးငယ်တွေကိုလဲပြုစုပျိုးထောင်လို့
ဒီမိုကရေစီနိုင်ငံတော်သစ်ကိုမှန်းမျှော်ရည်ရင်း ဒိန်းမတ်နိုင်ငံရဲ့ ခလေးသူငယ်စောင့်ရှောက်မှု
တစိတ်တဒေသကိုတင်ပြလိုက်ရကြောင်းပါခင်ဗျား။

မင်းမော်လှမြင့်(YSO,PKU)
စာပြီးချိန်။        ။ ၃၁၊၈၊၂၀၁၄(၁၄:၁၅)

(ဓါတ်ပုံမှတ်စု)



                   အလည်လာကြသော ၃နှစ်အောက်ခလေးများမိတ်ဆုံစားပွဲ


                      သိချင်းဆို၊ ကဗျာရွတ်ကာကစားခြင်း


                     စက်ဘီးစီးရတာအလွန်ကြိုက်တဲ့ခလေးတွေ


                            ဂျီသြမေတြီကစားစရာ


                                   အိပ်နေတာဘဲကောင်းပါတယ်


                          အေးရာအေးကြောင်းမူကြိုစာဂျပိုးအတွက်စာဖတ်ခန်း


                                    ကျွန်တော့်ဆရာမျောက်၎ကောင်