"ရေစကြို ကိုလှမြင့်နဲ့ သူ့ဇနီးဖြစ်လာမယ့် ကျောင်းသူ မခင်စန်းမြိုင် စသူတွေဟာ တပ်ဦးသစ်မှာ အတက်ကြွဆုံး ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေပါ"။
(ဝင်းမောင်သန်း - ကျောင်းသားအရေးတော်ပုံ ၁၉၅၃-၅၄ စာအုပ်မှကောက်နုတ်)
တစ်နေ့က Fb ဖွင့်ကြည့်တဲ့အချိန်မှာ ဘိုဘို တင်လိုက်တဲ့ အထက်က post လေးဖတ်ကြည့်ရင်း တစ်ခုခုထူးသလိုရုတ်တရက်ခံစားရပြီး နောက်တစ်ကြိမ် ထပ်ဖတ်ခါမှ "ဟာ ဒါ ငါ့အဖေနဲ့အမေပါလား" ဆိုပြီးဇနီးနဲ့သမီး ကိုပါခေါ်ပြဖြစ်တယ်၊ ဘိုဘို ကိုလှမ်းမေးရတာပေါ့၊ ဘိုဘိုကစာအုပ်ဝယ်နိုင်တဲ့ link ကော၊ စာအုပ်ထဲကစာတစ်ချို့ နဲ့ စာအုပ်မျက်နှာဖုံး ပါပို့ပေးလိုက်တယ်၊ စာရေးသူအကြောင်းနဲ့ပတ်သက်တဲ့ link ပါပို့ပေးလို့ ၀မ်းသာကြည်နူးစိတ်နဲ့ဖတ်ဖြစ်တယ်။
ကျွန်တော်ကသားအကြီးဆုံး၊အသက် ၅၂ နှစ်ရှိပါပြီ၊ ကျွန်တော့်အဖေ မန္တလေးတက္ကသိုလ်ကျောင်းသားဘ၀တုန်းက တပ်ဦးမှာပါဝင်ခဲ့ဘူးတာ သမန်ကာ ရှန်ကာလောက်ဘဲသိထားတာ၊ မေမေဆိုပါဝင်ဆောင်ရွက်ခဲ့ဘူးတာ အခုမှသိရပါတယ်၊ အခုမှဘဲဖေဖေနဲ့မေမေတို့ရဲ့ မန္တလေးတက္ကသိုလ်မှာ ၁၉၅၃-၅၄ တုန်းက သမိုင်းစာမျက်နှာတစ်ရွက်ကို ညီငယ် ဘိုဘိုရဲ့ကျေးဇူးနဲ့ပြန်တွေ့ရတာဘဲဖြစ်ပါတယ်။
ဘိုဘို ဆိုတာလည်းစာအလွန်ဖတ်တာကြောင့်တွေ့သွားတာပါ၊ သူအဲဒီစာအုပ်ဖတ်ရင်း သူက ဘဘနဲ့ကြီးကြီး လို့ခေါ်တဲ့ ကျွန်တော့်အဖေနဲ့အမေ နံမည်တွေတွေ့တော့ ကျွန်တော်တို့သိရအောင် fb ပေါ်တင်လိုက်တာနေမှာ၊
ဘိုဘိုက ဆရာဝန်တစ်ယောက်လည်းဖြစ်ပေမဲ့ သူဝါသနာထုံရာစာတွေဖတ်မယ် ရေးမယ်ဆိုတာတွေဘဲလုပ်နေတယ်ကြားရတယ်၊
ဘဘကြီးဦးလှနဲ့ ဖွားဖွားမာ တို့ရဲ့မြေးဘဲလေ ဒီလောက်တော့ရှိမှာပေါ့။
ကျွန်တော်စိတ်ထဲမှာ သိချင်နေတဲ့အဖြေတစ်ခုကိုလဲ အခုမှရှင်းရှင်းလင်းလင်းပိုလို့သဘောပေါက်သွားရတာလဲရှိပါတယ်၊
၈၈ တုန်းက ကျွန်တော်အိမ်ပေါ်ကဆင်းပြီး ထောင်လမ်းနီးတဲ့နိုင်ငံရေးလုပ်တော့
ကြည်ကြည်သာသာ ခွင့်ပြု ခဲ့ကြတာတွေရယ်၊
၂ နှစ်အတွင်းမှာ တင့်ဆွေ၊ အောင်ဆင့်၊ မျိုးဝင်း စတဲ့ ကျွန်တော့်ရဲဘော်သူငယ်ချင်းတွေ စစ်ခုံရုံးနဲ့ ထောင်နှစ်ရှည်တွေ ကျသွားတော့ လဲတစ်ချက်ကလေးမှမတားတဲ့ အိမ်ပြန်လာဖို့မခေါ်တဲ့ အဖေနဲ့အမေကို နားလည်သွားရပါတော့တယ်၊ အိမ်ကနေဟိုနားဒီနားသွားရင်တောင် စိတ်ပူတတ်ကြတဲ့ အဖေနဲ့အမေဟာ သူတို့ရဲ့မပြီးဆုံးခဲ့တဲ့တိုက်ပွဲကို သားဖြစ်သူနောက်ဆံမတင်းရဘဲ ဆောင်ရွက်နိုင်အောင်စွန့်ခဲ့ကြတာပါလား။
၁၉၅၄ ၀န်းကျင်တုန်းက ဖေဖေနဲ့မေမေရဲ့ဓါတ်ပုံလေးတွေပါ၊
မေမေကဘယ်ဘက်ကစရေရင်၎ယောက်မြောက်ဖြစ်ပြီး ရွှေမန်းဆောင်ေ၇ှ့မှာရိုက်ထားကြတာဖြစ်ပါတယ်။
ဖေဖေက အသက် ၈၀၊ ၂၀၀၉ မှာကျွန်တော်တို့မိသားစုကိုခွဲခွါသွားခဲ့ပြီး မေမေကတော့ဘာဝနာတရားအားထုတ်ရင်းနဲ့
သားသမီးတွေကို ဖေဖေ့ကိုယ်စားရော ဆုံးမပဲ့ပြင်နေတုန်းဖြစ်ပါတယ်။
ကျေးဇူးရှင်ဖေဖေ ကောင်းရာသုဂတိဘုံမှာငြိမ်းချမ်းပါစေ၊
ကျေးဇူးရှင်မေမေ အသက်ရှည်ကျန်းမာစွာနဲ့ သီလ၊ ဒါန၊ ဘာဝနာတရားများအားထုတ်နိုင်ပါစေ။
မင်းမော်လှမြင့်(YSO,PKU)၊ ၂၆၊၁၀၊၂၀၁၃။ ( fb posted)