Thursday, 13 March 2014

ကွန်ပျူတာကို မဟန်းအောင် အသုံးပြုမယ်

နေ့တိုင်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိသင့်တယ်ထင်လို့ မျှဝေလိုက်ရပါတယ်။ တစ်ချို့ကလည်း သိပြီးသား ဖြစ်ပါတယ်။ ကွန်ပျူတာ ဟန်းနေရင် အတော်လေး အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။

(၁) Window + R ကို တွဲပြီး နှိပ်ပါ။

(၂) ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၃) Window + R ကို တွဲပြီးနှိပ် တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ temp နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၄) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ prefetch နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၅) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ %temp% နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။ နေ့တိုင်းမလုပ်နိုင်ဘူးဆိုရင် တစ်ပတ်မှာ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါက စက် ဟန်းခြင်းကို သက်သာပါလိမ့်မယ်။


Myawady News'

Saturday, 8 March 2014

ပခုက္ကူမြို့ ၈၈ မျိုးဆက်ကျောင်းသားကျောင်းသူအချို့ (၈၈-၉၀)။

ကျွန်တော်သိသောပခုက္ကူမြို့ ၈၈ မျိုးဆက်ကျောင်းသားကျောင်းသူအချို့ (၈၈-၉၀)။
ကိုတင့်ဆွေ၊ ကိုမျိုးဝင်း၊ ကိုအောင်ဆင့်၊ ကိုမြင့်လှိုင်၊ ကိုအောင်ေ၇ွှဝင်း၊ ကိုမြင့်ခိုင်၊ ကိုသက်ကြူ၊ ကိုသက်နိုင်၊ ကိုသန်းနိုင်၊ ကိုဌေးအောင်၊ ကိုခင်မောင်ထွေး၊ ကိုသက်နိုင်ဆွေ၊ကိုထင်အောင်၊ ကိုခင်မောင်ထွန်း၊ ကိုမျိုးမြင့်ဦး၊ ကိုမောင်မျိုး၊ကိုမင်းဆွေ၊ ကိုကျော်ကျော်ထွန်း၊ ကိုနိုင်ထွန်း၊ ကိုတက်ထွန်းချစ်၊ ကိုသက်နိုင်(၀ါးတန်း)၊ ကိုညီညီ၊ကိုလှမိုး၊ ကိုဝင်းနွယ်၊ ကိုအောင်ကြီး၊
ကိုနေမျိုးသိန်း၊ကိုထွတ်ခေါင်ကြိုင်၊ ကိုဇာနည်ဘုန်း..

မသီသီလွင်၊၊ မနှင်းနှင်းဦး၊ မမိုးမိုးကြည်၊ဥမ္မာ၊ မစိုးမိုးသူ၊ မသီတာ၊ မဆွေဆွေသူ၊ မမေမျိုးညွန့်၊ မကေခိုင်၊ မစိန်စိန်၊ မ၀င်းမော်သန်း၊ မနီလာ၊ မဥမ္မာသက်၊ မမော်၊မကျော်၊မယဉ်မျိုး၊ မမြတ်မိုး၊ မစုစု၊ မ၀င်းမေ၊မဥမ္မာကြည်၊မပုကြည်၊မအေးငယ်ထွေး၊မအေးအေးနွယ်၊မမော်မော်..
(လောလောဆယ်မှတ်မိသမျှပါ)

ခင်ဗျားတို့စွမ်းသမျှ ၈၈ သမိုင်းရေးခဲ့ကြဘူးပါတယ်၊ လေးစားဂုဏ်ယူလျှက်ပါ။

"အလုပ်ဟူသမျှ ဂုဏ်ရှိစွ"

ကျွန်တော်နေတဲ့ဒိန်းမတ်နိုင်ငံ၊ Dronningmolle လို့ခေါ်တဲ့မြို့ငယ်လေးရဲ့ကုန်စုံဆိုင်ရှေ့မှာ ဒီကောင်တွေသူတို့
ပစ္စည်းလေးတွေချရောင်းနေကြလေရဲ့။ တစ်ယောက်ကကျွန်တော်နဲ့သိတဲ့ကျောင်းဆရာတစ်ယောက်ရဲ့သား
လေးပါ။ ၂ယောက်လုံး ၅တန်းကျောင်းသားလေးတွေဖြစ်ကြောင်းသိရပါတယ်။

ဒီနိုင်ငံမှာ၉တန်းအထိမသင်မနေရအခမဲ့ပညာရေးစနစ်ကိုပြဌာန်းထားပါတယ်။   ဒီအရွယ်ကျောင်းသားလေးတွေအခုလိုသူတို့ပစ္စည်းဟောင်းလေးတွေလမ်းဘေးမှာချရောင်းကြတာဟာဒီနိုင်ငံ
မှာထူးခြားတဲ့မြင်ကွင်းတော့မဟုတ်ပါဘူး။ Ice age DVD တစ်ချပ်ဝယ်ပြီး၊ "ငါ့နိုင်ငံကသူတွေပြချင်လို့ပါကွာ" ဆိုပြီးဓါတ်ပုံရိုက်လာခဲ့တာ။ ကိုယ်ကသူတို့ရှက်မှာစိုးနေပေမယ့် ကိုယ်တော်ချော ၂ ယောက်ကရှက်ရမှန်း
မသိတဲ့အပြင် "ဂိုက်ပေးတောင်ကြမ်းနေသေး"။  မေးကြည့်တော့ဘောင်းဘီအသစ်ဝယ်ချင်လို့ပါတဲ့။ ဒိန်းမတ်မိဘတွေကိုတော့သြဘာပေးမိပါရဲ့ဗျာ။
ကိုယ်အပိုသုံးချင်ရင် ကိုယ့်ဘာသာရှာဘဲ။



Thursday, 6 March 2014

ကာလာမသုတ်တော်။

ဗုဒ္ဓရဲ့ စကားကြီး ၁၀-ခွန်း
****************
ကာလာမတို့-

၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ၀ါဒတခု လက်မခံလိုက်နဲ့ဦး။

၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့ဦး။

၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး။

၎။ စာနဲ့ ရေးထားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။

၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေအားလုံး မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။

၆။ မှီရာနည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။

၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။

၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတယောက် ဟောပြောချက်၊ ရေးသားချက်၊
အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ဦး။



၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီး ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။

၁၀။ ငါတို့ လေးစားတဲ့ ငါတို့ ဆရာ့စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်ပါနဲ့ဦး။

ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ
****************
ကာလာမတို့-

ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား။ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား။ ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သော အကျင့်တို့ပါတကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။

အဲဒီအကျင့် တစုံတခုကို ကျင့်လို့ အကျိုးမဲ့ ဖြစ်မယ်၊ ဆင်းရဲမယ်............
အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။

ကာလာမတို့-

သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဤအကျင့်တရားတို့သည် အပြစ်ကင်း၍ သန့်ရှင်းသော တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိ သူတော်ကောင်းများ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။

သင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။ ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။ ကိုယ်ပိုင်ထားသော စိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည်သတ္တိတွေကို အသုံးချလိုက်ကြပါ။

copy from Mg Mg Myo Naing fb post

Sunday, 2 March 2014

ကျောင်းသားတွေအလုပ်လုပ်ကြတဲ့ဒိန်းမတ်နိုင်ငံ

"သမီးအလုပ်သွားလိုက်အုံးမယ်" ၆တန်းကျောင်းသူ ၁၃ နှစ်ကျွန်တော်တို့သမီးကသူအလုပ်သွားခါနီး မိဘကိုနှုတ်ဆက်လိုက်တာပါ။  အခုဆိုဒီဒိန်းမတ်နိုင်ငံမှာသမီးကသူ့နွေရာသီ ကျောင်းပိတ်ရက်တွေမှာ
အလုပ်လုပ်လာတာ ၄နှစ်ရှိလို့ သမီးတောင် ၁၀ တန်းတက်နေပါပြီ။
"အေးအေးအလုပ်ကိုဂရုတစိုက်နဲ့စေတနာထားလုပ်နော်သမီး" ကျွန်တော့်ဖေဖေမှာလေ့ရှိတဲ့အတိုင်း
အခုဖေဖေမရှိတော့ပေမယ့်ကျွန်တော်ကသမီးကိုတဆင့်မှာလိုက်ရပြန်ပါတယ်။

ကြုံ ကြိုက်လို့ပြောရရင်ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာစေတနာထားလုပ်ခြင်းဟာဘယ်တော့မှ အချည်းနှီးမဖြစ်ပါဘူး။ ကျွန်တော်ဒိန်းမတ်မရောက်ခင်မလေးရှားကစားသောက်ဆိုင်တစ်ခုမှာအလုပ်ဝင်
လုပ်တုန်းကဖေဖေမှာတဲ့အတိုင်းစေတနာထားလုပ်ပါတယ်။ နားချိန်လေးတွေမှာတောင်ဆိုင်အပြင်မှာ
အမှိုက်တွေတွေ့ရင်ရှင်းပေးတတ်ပါတယ်။  ၂လ၊ ၃လလောက်ကြာတော့ဆိုင်ရှင်က၀န်ထမ်းအားလုံးနဲ့ဆိုင်
တဲ့ဘောက်ဆူးငွေ ခွဲပေးတဲ့အခါမှာကျွန်တော့်အတွက် မလေးငွေ ၁၀၀ကိုအရင်ဖယ်ပြီးမှ ကျန်ငွေကို
ကျွန်တော်အပါအ၀င်ဝန်ထမ်းအားလုံးကိုခွဲပေးပါတယ်။ ကျွန်တော်ကညင်းပေမဲ့ လစဉ်အစဉ်အလာလို
ဖြစ်သွားတာအဲဒီဆိုင်မှာကျွန်တော်အလုပ်လုပ်ခဲ့တဲ့၂နှစ်လုံးပါဘဲ။
ကျွန်တော့်ဇနီးကပိုပြီး ကျွန်တော့်ဖေဖေမှာလေ့ရှိတဲ့စကားကိုလိုက်နာပါတယ်။ သူက ဒီမှာကျန်းမာရေး
စောင့်ရှောက်မှုကောလိပ်တက်တော့သူတို့ကျောင်းသူကျောင်းသားတွေ ၆လစာတွေ့နဲ့ ၆လလက်တွေ့
အနေနဲ့သက်ဆိုင်ရာဘိုးဘွားဂေဟာတွေမှာလုပ်အားပေးဆင်းရပါတယ်။ ကျောင်းပြီးလို့အလုပ်ရှာကြ
ရတဲ့အခါမှာတော်တော်များများအလုပ်မရကြပါဘူး။ ကျွန်တော့်ဇနီးကတော့သူလုပ်အားပေးဆင်းခဲ့တဲ့
ဘိုးဘွားဂေဟာမှာအလုပ်တန်းရခဲ့ပါတယ်။ အဲဒီဂေဟာက၀န်ထမ်းတွေလျှော့ချနေတဲ့အချိန်ဖြစ်ပေမဲ့
ဂေဟာအုပ်ချုပ်သူကနေဖြစ်အောင်အလုပ်ခန့်ခဲ့လို့အဲဒီဂေဟာမှာဘဲအလုပ်ဝင်နေတာအခုဆို ၃နှစ်ရှိ
ပါတော့မယ်။
ပြောချင်တာကအခွင့်အရေးမျှော်ကိုးပြီးအလုပ်လုပ်ကြဖို့မဟုတ်ပါ။ အလုပ်မှာစေတနာထားဆောင်ရွက်
ကြဖို့သာဆိုလိုရင်းပါ။ စေတနာထားအလုပ်လုပ်တဲ့အလုပ်သမားကိုအလုပ်ရှင်ကချစ်သလို စေတနာထား
ဆောင်ရွက်တဲ့အစိုးရတိုင်းကိုလဲပြည်သူကချစ်ပါတယ်။

ဒိန်းမတ်နိုင်ငံမှာကလေးတွေကိုငယ်ငယ်ကထဲကကိုယ့်အားကိုယ်ကိုးတတ်အောင်၊ လုပ်အားကိုချစ်မြတ်နိုး
တတ်အောင် မူကြိုကနေ ၆နှစ်ပြည့် ပြီးကျောင်းစတင်တက်တဲ့အရွယ်ကစလို့ပျိုးထောင်ပေးခဲ့တာကိုတွေ့ရ
ပါတယ်။ အများနဲ့ပူးပေါင်းလုပ်ဆောင်တတ်အောင်လဲ သင်ခန်းစာတွေသင်တဲ့အခါမှာ အုပ်စုလိုက်အမြဲ
ဆောင်ရွက်စေပါတယ်။
ဒီနိုင်ငံမှာကလေးတွေလမ်းဘေးမှာဈေးရောင်းနေကြတာပုံမှန်တွေ့ရတဲ့မြင်ကွင်းတစ်ခုပါ။ ကျွန်တော်တို့
နိုင်ငံလိုဝမ်းရေးအတွက်ကလေးတွေအလုပ်လုပ်နေရသလိုမျိုးတော့မဟုတ်ပါဘူး။ အစကောင်း၊စနစ်ကောင်း
ခဲ့လို့ဒိန်းမတ်နိုင်ငံမှာဆင်းရဲချမ်းသာကွာခြားမှုမရှိပါဘူး။ မိဘက ကလေးတွေကိုလိုအပ်တာထက်ပိုတဲ့
မုန့်ဘိုးတွေပေးတဲ့ဓလေ့လဲမရှိပါဘူး။ ကလေးတွေသူတို့အပိုသုံးချင်ရင်သူတို့ဘာသာလုပ်အားတန်ဘိုးသိ
အောင်ရယ်၊ အလုပ်ဟူသမျှဂုဏ်ရှိစွဆိုတာရင်ထဲထိရောက်အောင်ရယ် လေ့ကျင့်ပေးပါတယ်။

                                           ဈေးရောင်းနေကြသော၁၂နှစ်အောက်ကလေးများ

ဒိန်းမတ်မှာနွေဦးမှရောက်ပြီဆိုရင် အဟောင်းဈေးခင်းလေးတွေ အလျှို လျှို  ပေါ်လာတတ်ပါတယ်၊
ကိုယ်မကြိုက်တော့တဲ့ပစ္စည်းဖြစ်ဖြစ် အသုံးမလိုတော့တဲ့ပစ္စည်းဖြစ်ဖြစ်ဈေးနှုန်းသက်သက်သာသာနဲ့
ပြန်ရောင်းကြတာပါ။ အသစ်နီးပါးပစ္စည်းလေးတွေ အ၀တ်အစားလေးတွေချည်းပါဘဲ။                 
ကလေးတွေကလဲအရုပ်အသစ်ထပ်ဝယ်ဘို့ သူတို့အရုပ်အဟောင်းလေးတွေချရောင်းနေကြတာ
တွေ့ရပါတယ်။ ဆယ်ကျော်သက်အပျိုအရွယ်ခလေးမလေးတွေလည်းသူတို့ အ၀တ်အစားလေးတွေချရောင်း
နေကြတာဈေးခင်းမှာတွေ့ ရမှာပါ။ရှက်ရွံ့မှုဆိုတာသူတို့ မသိပါဘူး၊ အလုပ်ဟူသမျှဂုဏ်ရှိစွဆိုတာသာသူတို့ ခေါင်းထဲမှာရှိပါတယ်၊

ကျွန်တော်ငယ်ငယ် ၄ တန်းတုန်း(၁၉၇၀ ၀န်းကျင်)ကစာအုပ်အဌားဆိုင်လေးဖွင့်တာအမှတ်ရမိပါတယ်၊
စွန်ရစ်လုံးအသစ်ဝယ်ချင်လို့  ကျွန်တော့်ဖေဖေက အကြံပေးတာပါ၊
ရန်ကုန်၊ ဘောက်ထော်က သုခိတာလမ်း အိမ်ရှေ့လမ်းမဘေးမှာ ဖျာလေးခင်းပြီးတော့အဖေ့စာအုပ်တွေ
ကော၊ ကျွန်တော့်ကိုဖေဖေ၀ယ်ပေးထားတဲ့ ဂယက်နီ၊ ကွန်းဇော် တို့ရေးတဲ့စာအုပ်တွေအပါအ၀င် ဒို့ ကျောင်းသား၊ တေဇ၊ ရွှေသွေး မကျန် ထိုင်ဖတ် ၅ ပြားနဲ့ အိမ်ဌားရင်တော့စာအုပ်အလိုက် ၁၀ပြား၊ ပြား ၂၀ ယူပါတယ်။ဒါပေမဲ့ကြီးလာတော့ အသက် ၃၀ လောက်ထိ ကျောင်းသားလုပ်စားတာပါဘဲခင်ဗျား။

ဒိန်းမတ်နိုင်ငံမှာအသက် ၁၂ နှစ်ပြည့်ရင် တရားဝင်အလုပ် လုပ်လို့ ရပါပြီ။အစိုးရကလဲ ၁၈ နှစ်အထိ သူတို့ ဆီက ၀င်ငွေခွန် မစည်းကြပ်ပါဘူး။ဒါကြောင့် ဒီက ကလေးတွေကျောင်းတစ်ဘက်နဲ့  အချိန်ပိုင်းအလုပ်တွေဝင်နေကြပါပြီ။ သတင်းစာ၊ ကြော်ငြာ လိုက်ထဲ့ကြမယ်၊ စူပါမကက် တွေ၊ စားသောက်ဆိုင်တွေမှာ ၀င်ငွေရှာနေကြပါပြီ။ အလုပ်ရှင်တွေကလဲသူတို့အတွက်ဝင်ငွေခွန်မပေးရတော့
အချို့ စူပါမကက်တွေ၊ ဆိုင်တွေဆိုရင် ၁၈နှစ်အောက်ကိုဦးစားပေးခန့်ကြပါတယ်။
လစာကတော့လူကြီးတွေနည်းတူသူတို့ ရပါတယ်။

ဒိန်းမတ်မှာသာမန်အလုပ်သမားတစ်ဦးအတွက်လုပ်အားခကိုတစ်နာရီ ဒိန်းမတ်ခရိုနာ ၁၀၀ ၀န်းကျင်
အစိုးရကသတ်မှတ်ထားပေးပါတယ်။ အလုပ်ရှင်ကအဲဒီအလုပ်သမားအတွက်ဝင်ငွေခွန် ၃၇ရာနှုန်းဆောင်
ပြီးမှလစာပေးရတာဆိုတော့အလုပ်သမားတစ်ဦးဟာဝင်ငွေခွန်ဆောင်ပြီးလက်ထဲကိုခရိုနာ၆၀ (၁သောင်းကျပ်ဝန်းကျင်) တစ်နာရီအတွက်ရပါတယ်။ ၁၈ နှစ်အောက်ဆိုရင်တော့ဝင်ငွေခွန်ဆောင်စရာ
မလိုတဲ့အတွက် အလုပ်ရှင်ကသူတို့ကိုတစ်နာရီအတွက် ခရိုနာ ၆၀ ပေးရုံဘဲဖြစ်ပါတယ်။ အလုပ်ရှင်အတွက်
၃၇ ရာခိုင်နှုန်းသက်သာပြီးကျောင်းသားလူငယ်တွေအတွက်အလုပ်အကိုင်အခွင့်အလမ်းပေါအောင်
ဆောင်ရွက်ထားတာဘဲဖြစ်ပါတယ်။
                                         အချိန်ပိုင်းအလုပ်လုပ်နေတဲ့ ၁၈နှစ်အောက်ကျောင်းသူ

ဒီနိုင်ငံမှာကျောင်းသားကျောင်းသူတွေအလုပ်လုပ်ကြတာဟာအစဉ်အလာတစ်ခုဖြစ်နေပါပြီ။ ကျွန်တော်
တို့သမီးတောင်အစဉ်အလာအတိုင်း ၁၂နှစ်သမီးကထဲကအလုပ်လုပ်ခိုင်းမလို့ဟာ သူ့အမေက
"တော်တောင်မြန်မာပြည်မှာကျောင်းပြီးသည်အထိအလုပ် လုပ်ခဲ့လို့လား" ပြောလို့ ၁၃ နှစ်ရောက်ခါမှဘဲ
သူ့အမေကအိမ်နားကစားသောက်ဆိုင်တစ်ဆိုင်မှာအချိန်ပိုင်းအလုပ်ဝင်စေပါတယ်။ ဒါတောင်စာမလိုက်
နိုင်မှာစိုးလို့နွေတစ်လကျောင်းပိတ်ရက်တွေမှာဘဲတစ်ပါတ်ကို ၄၊၅၊၆ ရက်လုပ်စေပါတယ်။ တစ်နေ့ကို ၅နာရီ
ဝန်းကျင်လုပ်ရပြီးတစ်ပါတ်ကို ၂၅နာရီဝန်းကျင်သမီးအလုပ်လုပ်ရပါတယ်။ အလုပ်ရှင်တွေကလဲဈေးသက်သာ
ပေမဲ့ လူကြီးတွေလို ၈နာရီထိခိုင်းလေ့မရှိပါဘူး။ သမီးကအဲဒီဆိုင်မှာရေခဲမုန့်ရောင်းရပါတယ်။ အားရင်အား
သလို လိုတဲ့နေရာတွေမှာကူရပါတယ်။ သူ့လုပ်အားနဲ့ရတဲ့ဝင်ငွေလေးတွေကိုအမြတ်တနိုးထားတတ်လာပြီး
သူဝယ်ချင်တာရှိရင်ဝယ်လို့ရတဲ့အတွက်မိဘကိုလဲအထောက်အကူအများကြီးဖြစ်စေပါတယ်။
အခုလာမယ့်နွေမှာတော့သမီးလုပ်နေတဲ့ဆိုင်ကလဲမရှိတော့ဘဲသူလဲ ၁၈နှစ်ပြည့်တော့မှာဆိုတော့ အလုပ်လေးတွေခုကထဲကကြိုရှာထားနေရပါတယ်။ အလုပ်လုပ်ရင်ဝင်ငွေခွန်ဆောင်ရတော့မယ်လေ။

ဒီနိုင်ငံရဲ့အခြေခံပညာရေးစနစ်ဟာကျောင်းချိန်မှာကျောင်းတက်၊အိမ်စာကိုတစ်နေ့နာရီဝက်တစ်နာရီလောက်
လုပ်ရင်ဘဲလုံလောက်တာမို့ ဒိန်းမတ်ကျောင်းသူကျောင်းသားအများစုကတော့ ကျွန်တော်တို့သမီးလိုကျောင်း
ပိတ်ရက်မှမဟုတ်ဘဲကျောင်းဖွင့်ရက်တွေမှာပါအချိန်ပိုင်းအလုပ်လုပ်နေကြပါတယ်။ ဥပမာ ကျောင်းက
နေ့ခင်း ၂နာရီဆင်းပြီဆိုရင်သူတို့တွေ ၃နာရီ၊ ၄နာရီကစပြီး ည၇နာရီ၊ ၈နာရီအထိအလုပ်လုပ်ကြပါတယ်။
စနေ၊ တနင်္ဂနွေပါလုပ်ကြပါတယ်။ သူတို့အလုပ်လုပ်ထားတဲ့ဝင်ငွေလေးတွေနဲ့သူတို့ဝယ်ချင်တာဝယ်မယ်၊
ခရီးသွားချင်သွားမယ် စသဖြင့်သုံးကြပြီးမိဘကိုပူဆာနေဖို့မလိုတော့ပါဘူး။ မိဘပိုက်ဆံရှိတာ၊ မရှိတာ
သူတို့နဲ့မဆိုင်ပါဘူး။ ဒီနိုင်ငံရဲ့သန်းကြွယ်သူဌေးကြီးတစ်ဦးရဲ့သမီးလဲ ၁၂ နှစ်ကထဲကအလုပ်လုပ်ခဲ့ကြောင်း
သိရပါတယ်။
                                                ပုဂံဆေးလုပ်နေတဲ့ဒိန်းမတ်ကျောင်းသား

ကလေးတွေအလုပ်လုပ်နေကြလို့ဒီနိုင်ငံအစိုးရကကလေးလူငယ်တွေကိုပစ်ထားတယ်တော့မထင်ပါနဲ့။
ဒီနိုင်ငံက ကလေးတွေကမွေးကထဲကထောက်ပံ့ကြေးရတာဟာ၁၈နှစ်ပြည့်သည်ထိပါဘဲ။ မိဘနဲ့အတူနေ
ကြတဲ့အတွက်မိဘကိုပေးတာဖြစ်ပါတယ်။ ဒါကြောင့်သူတို့အပိုသုံးချင်တဲ့အခါမှာသုံးစွဲဖို့ရအောင်သူတို့
ဘာသာအလုပ်လုပ်ပြီးရှာကြတာဖြစ်ပါတယ်။
၁၈နှစ်ပြည့်ပြန်ရင်လဲကျောင်းဆက်တက်ဖို့အတွက်ကျောင်းစားရိတ်ထောက်ပံ့ကြေးငွေကိုကျောင်းသား
တိုင်းရပါတယ်။ အပိုသုံးစွဲနိုင်လောက်အောင်မပေးထားပေမဲ့သင့်တင့်လုံလောက်တဲ့အတိုင်းအတာအထိ
သူတို့ရကြပါတယ်။ ဒါပေသိသူတို့တွေအလုပ်လုပ်ပြီးငွေရှာ၊ ငွေစုကြပါတယ်။
ပြောရရင်ဒီနိုင်ငံကလူငယ်တွေအရက်စွဲတာတို့၊ မူးယစ်ဆေးဝါးစွဲတာတို့မရှိသလောက်ပါဘဲ။ သူတို့မပျော်ကြ
ဘူးလား၊ မသောက်ကြဘူးလားဆိုရင်တော့ ကျောင်းပိတ်ရက်၊ သောကြာညနေမျိုးမှာပျော်ကြသောက်ကြပါ
တယ်။ ဒီထက်ပိုဖို့လဲအနေအထားကိုက သူတို့ကိုသူတို့ခွင့်မပြု တာတွေ့ရပါတယ်။ နောက်ရက်တွေမှာ
ကျောင်းပြန်တက်ရမယ်၊ အလုပ်ဝင်ရမယ်ဆိုတဲ့အသိတွေကသူတို့ကိုထိန်းထားပါတယ်။
နောက်တစ်ချက်ကဒီနိုင်ငံတွေမှာ ၁၈နှစ်ပြည့်ရင်မိဘအိမ်ကနေပြောင်းကြပါပြီ။ ယောက်ကျားလေး
တော်တော်များများက ၁၈နှစ်ပြည့်အောင်တောင်မစောင့်ကြတော့ဘဲ ၁၇နှစ်ဆိုရင်မိဘအိမ်ကနေဆင်း
ကြပါပြီ။ အဆောင်တွေမှာဌားနေပြီး ကျောင်းဆက်တက်သူတက်၊ လုပ်ငန်းခွင်ဝင်တဲ့သူဝင်နဲ့ ကိုယ့်
ခြေထောက်ပေါ်ကိုယ်မားမားရပ်ကြပါပြီ။ မိဘတွေမှာလဲသူတို့အတွက်တာဝန်မရှိတော့ပါဘူး။
တစ်ချို့လူငယ်တွေဆိုရင်ငယ်ငယ်ကထဲကငွေစုခဲ့ကြတာကြောင့်အသက် ၂၀ ၀န်းကျင်ဆိုရင်သူတို့ကိုယ်ပိုင်
ငွေနဲ့ကားဝယ်၊ အိမ်ဝယ်နိုင်ကြတာတွေ့ရပါတယ်။
                                             ကျောင်းအားချိန်အလုပ်ဝင်နေကြတဲ့လူငယ်တွေ

ဒီနိုင်ငံမိဘတိုင်းဟာ ကျွန်တော်တို့နိုင်ငံကမိဘတွေလိုသားသမီးတွေအတွက်ဝန်မကြီးတာကိုတွေ့ရပါတယ်။
ခေတ်နဲ့စနစ်နဲ့နိုင်ငံအခြေအနေတွေကလူငယ်တွေရဲ့ဘ၀ဖြတ်သန်းရမှုကိုပြဌာန်းသွားတယ်လို့ဆိုလို့
ရပါတယ်။
ကျွန်တော်လေ့လာတင်ပြနေတာတွေဟာ ဒီနိုင်ငံကအခြေအနေတွေကိုအထင်တကြီးနဲ့ရေးသားနေခြင်း
ဆိုတာထက် မိမိနိုင်ငံအနေနဲ့သင့်တော်တဲ့ အတုယူသင့်တဲ့အချက်တွေကိုထုတ်ယူဆောင်ရွက်နိုင်ကြအောင်
ရည်ရွယ်ရင်းပါ။
ကျွန်တော်တို့လူမျိုးကပျင်းတဲ့လူမျိုးမဟုတ်သလို လူငယ်တွေကလဲအလုပ်လုပ်ရမှာပျင်းတဲ့နိုင်ငံမဟုတ်ပါ။
အလုပ်မှာစေတနာထားလုပ်တတ်တာကိုကသူများနိုင်ငံတွေထက်ပိုပါတယ်။ ဒါကြောင့်လဲအခြေအနေအရ
နိုင်ငံရပ်ခြားမှာအလုပ်သွားလုပ်ကြရတဲ့ကျွန်တော်တို့နိုင်ငံသားတွေဟာနံမည်ကောင်းရကြပြီး၊ အလုပ်ရှင်
တွေရဲ့အားထားခြင်းကိုခံကြရတာတွေ့ရပါတယ်။ ဖြစ်နိုင်ရင်ဒီလူငယ်တွေဟာကိုယ့်နိုင်ငံမှာဘဲမိဘနဲ့အတူ
အိုးမကွာအိမ်မကွာအလုပ်လုပ်ချင်ကြသူတွေချည်းပါဘဲ။ နိုင်ငံတော်မှာလဲလူသားအရင်းအမြစ်လုပ်အားတွေ
ဆုံးရှုံးနေတာကိုအထူးသတိပြုရပါ့မယ်။
ကျွန်တော်တို့နိုင်ငံမှာလဲဝမ်းရေးကြောင့်ကလေးတွေအလုပ်လုပ်နေကြတာတွေရှိပါတယ်။ လွန်ခဲ့တဲ့နှစ် ၄၀
ဝန်းကျင်ကတော့ ၁၀နှစ်ဝန်းကျင်ကလေးတွေရထားဘူတာတွေမှာ ရေလိုက်ရောင်းကြတယ်၊ အကြော်စုံ
လိုက်ရောင်းကြတယ်။ တစ်ချို့ကလေးတွေပလပ်စတစ်လိုက်ကောက်နေကြပါတယ်။ ကျွန်တော်တို့ကသူတို့
လုပ်အားကိုအသိအမှတ်ပြုပေးဖို့လိုသလိုနိုင်ငံတော်ကလဲဒီလိုကလေးတွေအတွက်သင့်တော်တဲ့အလုပ်
အကိုင်အခွင့်အလမ်းတွေဖေါ်ဆောင်ပေးဖို့လိုပါတယ်။
ရန်ကုန်မှာဝမ်းရေးကြောင့်ပလပ်စတစ်ကောက်နေကြရတဲ့ကလေးတွေကိုထမိန်ရုတ်မှာစိုးပြီးမောင်းထုတ်
နေကြတော့ဒီကလေးတွေရဲ့စိတ်မှာအနာရသွားပြီးသူတို့ရဲ့ရှေ့ရေးဟာရင်လေးစရာပါ။ အလုပ်လုပ်နေကြ
တဲ့ကျွန်တော်တို့နိုင်ငံက ကလေးတွေသူတို့အလုပ်ကိုသူတို့ဂုဏ်ယူတတ်အောင်ကျွန်တော်တို့တွေက၀ိုင်းဝန်း
ဖေးမကြရပါ့မယ်။
ကျွန်တော် ၄တန်းတုန်းက အလက(၄)ရန်ကင်းမှာတက်ပါတယ်။ ကျွန်တော်တို့အတန်းထဲမှာတင်လှိုင်က
ရေခဲချောင်းရောင်းရင်းကျောင်းတက်ရပါတယ်။ သူ့အဖေကရိုးသားတဲ့ပြည်သူ့ရဲဝန်ထမ်းဖြစ်ပြီးဘောက်ထောက်ဘောလုံးကွင်းဘေးကရဲတန်းလျားမှာနေကြတာပါ။
သူ့အောက်မှာလူမမယ်အရွယ်၃ ယောက်တောင်ရှိလို့တင်လှိုင်ကအလုပ်လုပ်ရင်းကျောင်းတက်ရတာဖြစ်ပါတယ်။ မိဘတော်တော်များများကတင်လှိုင်ကိုနှိမ်ချဆက်ဆံတာတွေ့ရပြီး မိဘရိုးသားမှုအပေါ်သားသမီးတွေက
အပြစ်မြင်သလိုတောင်ဖြစ်တတ်တဲ့စနစ်ကိုလဲအထူးသတိပြုဆင်ခြင်စရာဖြစ်ပါတယ်။
ကျွန်တော်အဖေကတော့တင်လှိုင်ကိုချီးမွမ်းတဲ့အပြင်မကြာခဏဗလာစာအုပ်လေးတွေလက်ဆောင်
ပေးတတ်ပါတယ်။ အတန်းပိုင်ဆရာမဒေါ်ခင်စောဝင်းကလဲ ကျောင်းနောက်ကျတတ်တဲ့တင်လှိုင်ကိုပိုဂရုစိုက်
ပြီးသင်ကြားပြသပေးတတ်ပါတယ်။
ဒိန်းမတ်နိုင်ငံမှာကလေးတွေကျောင်းသားတွေသူတို့နိုင်ငံအခြေအနေအရအလုပ်လုပ်နေကြသလို ကျွန်တော်တို့နိုင်ငံမှာလဲကလေးတချို့နဲ့ကျောင်းသားတချို့ တွေ နိုင်ငံအခြေအနေအရရော၊ ၀မ်းရေးအရပါ
အလုပ်လုပ်နေကြရတာတွေရှိနေပါတယ်။ သူတို့ဟာကျွန်တော်တို့နိုင်ငံအတွက်စံပြလုပ်သားသူရဲကောင်း
လေးတွေပါ။
အချုပ်ဆိုရရင်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ကလေးလူငယ်တွေအတွက်အဓိကကျတဲ့ကျောင်းစာလဲမလစ်ဟင်း
စေဘဲမိဘများအတွက်လဲအထောက်အကူဖြစ်၊ လမ်းမှားလဲမရောက်အောင်ထိန်းရာရောက်တဲ့သင့်တော်တဲ့
အလုပ်အကိုင်အခွင့်အလမ်းတွေဖေါ်ဆောင်ပေးမယ်၊ ကျောင်းသားလူငယ်တွေအလုပ်လုပ်ကြတာကို
ဝိုင်းဝန်းအားပေးကြမယ်ဆိုရင်ဖြင့်နိုင်ငံတော်အတွက်အကျိုးဖြစ်စေမှာမို့နမူနာကောင်းအနေနဲ့
တင်ပြလိုက်ရကြောင်းပါခင်ဗျား။              
                                         
မင်းမော်လှမြင့်(YSO,PKU)




                                                                                                            
                                                                                                           






“ရုပ်ပွားဆင်းတုတော်က ခိုက်တာလား… ဗေဒင်ဆရာက ရိုက်တာလား…”

လွဲနေတာလေးတွေကို ပြောနေရင်း
နောက်ထပ်အလွဲ တစ်ခုကို သွားသတိရမိပါတယ်။
ဘုန်းဘုန်းမြန်မာပြည်မှာ ရှိနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။
တစ်နေ့ ဒကာမတစ်ယောက် စကျင်ကျောက်နဲ့
ထုလုပ်ထားတဲ့ ရုပ်ပွားဆင်းတုတော် တစ်ဆူယူလာပြီး
ဘုန်းဘုန်းကျောင်းကို ရောက်လာပါတယ်။

ဒကာမက “အရှင်ဘုရား… ဒီဘုရားလေး
အရှင်ဘုရားကျောင်းမှာ ထားချင်လို့ပါဘုရား..”တဲ့။
ဘုန်းဘုန်းက “ဒကာမ ဒီဆင်းတုတော် တော်တော်
သပ္ပါယ်သားပဲ..၊ ဆိုင်က၀ယ်ယူပြီး ပူဇော်တာလား..၊
ဘာအတွက် လာလှူတာလဲ..” စသဖြင့် မေးလိုက်ပါတယ်။

ဒီတော့ ဒကာမက “ဆိုင်က၀ယ်လာတာ
မဟုတ်ဘူးဘုရား…၊ တပည့်တော်မတို့ အိမ်မှာ
ကိုးကွယ် ပူဇော်ထားတဲ့ ဆင်းတုတော်ပါ၊
www.facebook.com/youngbuddhistassociation.mm
အိမ်မှာ အစစ အရာရာ အဆင်မပြေ ဖြစ်နေလို့
ဗေဒင်ဆရာ သွားမေးကြည့်တော့ ဗေဒင်ဆရာက
အိမ်မှာကိုးကွယ်ထားတဲ့ ဘုရားဆင်းတုတော်က ခိုက်တာ၊ အဲဒီဆင်းတုတော်ကို ဘုန်းကြီးကျောင်းဖြစ်ဖြစ်၊
ဘုရားစေတီမှာရှိတဲ့ ညောင်ပင်ရင်းမှာပဲ ဖြစ်ဖြစ်
သွားလှူလိုက်ပါလို့ ပြောလို့ အဲဒါ
အရှင်ဘုရားကျောင်းမှာ လာလှူတာပါဘုရား…”တဲ့။

ရင်ထဲမှာ တော်တော်ကို မကောင်းဖြစ်သွားတယ်။
ဒါလားဟဲ့ ဗုဒ္ဓဘာသာလို့လည်း စိတ်ထဲမှာ
ရေရွတ်မိပါတယ်။ ဘုရားဆင်းတုတော်ကို ကျောင်းမှာ
လာလှူတာပါတဲ့။ ပြောလိုက်တဲ့စကားက လှူတယ်ပေါ့။
တကယ်တော့ ဗေဒင်ဆရာစကားအတိုင်း အိမ်မှာခိုက်လို့ ကျောင်းမှာလာစွန့်တာပါပဲ။ ဘုရားဆင်းတုတော်က
ခိုက်တာဆိုပဲ။ ဆင်းတုတော်က ခိုက်တာမဟုတ်ပါဘူး။
ဗေဒင်ဆရာက ရိုက်တာပါ။ ဗေဒင်ဆရာရိုက်တာကို
ဆင်ခြင်တုံတရားမရှိ၊ အမှားအမှန် မခွဲခြားဘဲ
လိုက်လုပ်နေကြတာပါ။

ဘုရားစင်မှာ လူတွေဘာပဲ ကပ်ကပ်
အကောင်းအဆိုး၊ ဘာမှမပြော၊ ဘယ်လိုပဲနေနေ
ဘာမှမလုပ်ပဲ အချိန်ပြည့် ထားတဲ့နေရာမှာ ရှိနေတဲ့ ဒီရုပ်ပွားဆင်းတုတော်ကပဲ ခိုက်တယ်လို့
စဉ်းစဉ်းစားစား လုပ်ကြပါဦး။
ကိုယ့်ကံနိမ့်နေ၊ ကိုယ့်လုပ်ရပ်ကြောင့်
ကိုယ့်ဖာသာ မကောင်းတာတွေ ဖြစ်နေတာကိုပဲ
ဘုရားကိုပုံချပြီး ဘုရားက ခိုက်တယ်ပဲ ရှိရသေးတယ်။
www.facebook.com/youngbuddhistassociation.mm
ယနေ့ခေတ် ဗုဒ္ဓဘာသာ အများဟာ မကောင်းတာတွေ
ကြုံ ဒုက္ခတွေဖြစ်ပြီဆိုရင် ကိုယ့်ကိုယ်ကို ပြန်မကြည့်၊
ပြန်မစိစစ်တော့ဘဲ နီးစပ်ရာအားကိုးမှုကို ရှာတတ်ကြပါတယ်။
ကိုယ့်ကိုယ်ကို အားမကိုးဘဲ သူများအားကိုပြီး
ဟိုမေးဒီမေး လုပ်တတ်ကြပါတယ်။ နောက်ဆုံး
အဲဒီလို လူမျိုးတွေကို စောင့်စားနေကြတဲ့ ဗေဒင်လက္ခဏာ နတ်ဂိုဏ်းဆရာတွေဆီ ရောက်ကုန်ပါလေရော။

ဗေဒင်ဆရာစတဲ့ သူတွေဆိုတာ သူတို့ဆီရောက်လာတယ်
ဆိုရင် အပူတစ်ခုခုရှိလို့ ရောက်လာတယ်ဆိုတာ
သိထားပြီးသားဆိုတော့ ရောက်တာနဲ့ တန်းပြီး
အဆင်မပြေတာ တစ်ခုခု ရှိနေတယ်မဟုတ်လားဆိုတော့
ရောက်လာသူက ဟာ…သူသိနေပါလား..၊
ဘာမှ မပြောရသေဘူး သိပ်မှန်ပါလားနဲ့ သူပြောသမျှမှာ
အကုန်ယုံ၊ အကုန်လိုက် လုပ်တော့တာပါပဲ။

အဲဒီ တစ်လွဲယုံကြည်မှု အားကောင်းခြင်းက
ကိုယ့်အိမ်မှာ ကိုးကွယ်တဲ့ ဘုရားဆင်းတုတော်ကို
စွန့်တဲ့အထိ ဖြစ်ကုန်ပါတော့တယ်။
www.facebook.com/youngbuddhistassociation.mm
တကယ်တော့ ဗုဒ္ဓဘာသားများဟာ ယုံကြည်မှုကို
စူးစမ်းဆင်ခြင်မှုနဲ့ ပေါင်းစပ်ဆင်ခြင်သင့်ပါတယ်။
နေရာတကာ အယုံကြည် မလွယ်သင့်ပါဘူး။
ဘယ်သူမပြု မိမိမှုဆိုသလို သေချာတွေးကြည့်ရင်
အစဉ်ပြေမှု မပြေမှုဆိုတာ ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့
လုပ်ရပ်တွေရဲ့ အကျိုးရလာဘ်ပါပဲ။

အကောင်းအဆိုး ဆိုတာက လူတိုင်းကြုံတွေ့ရမယ့်
လောကဓံပါ။ လောကမှာ ရှိနေရင်တော့ အကောင်းတွေနဲ့
ကြုံနေတတ်ရသလို အဆိုးတွေလည်း ရောက်နေမှာပါပဲ။

ဒီလောကဓံကို ဘာပဲလာလာ ခံနိုင်ရည်ရှိအောင်
လုပ်ရမှာ ကိုယ်ကိုယ်တိုင်ပါ။ ကိုယ့်ရဲ့ လုပ်ရပ်တွေကို
ကိုယ်ဆင်ခြင်ရမှာပါ။ အဲဒါကို ကိုယ့်ကိုယ်ကို
အားမကိုးဘဲ သူများသွားအားကိုတော့
သူများခိုင်းတဲ့အတိုင်း လုပ်ရင်းက ကိုယ်ပါအပြစ်ဖြစ်ကာ
ဘုရားမကြောက်၊ ကံမကြောက် ဖြစ်ကုန်တော့တာပါ။

နောက်ဆုံးတော့ ဗေဒင်ဆရာကို အားကိုးမိလို့
ဗေဒင်ဆရာ ရိုက်တာခံရတဲ့အတွက်
မလုပ်သင့်တဲ့ အကုသိုလ် အလုပ်ကို
လုပ်ဖြစ်ကုန်တော့တာပါ။

■အမှန်ဖြစ်သင့်တာက အဆိုးတွေ ကြုံနေ၊
အဆိုးတွေ များနေရင် အကောင်းကို
များများလုပ်သင့်တာပါ။
အဆိုးတွေပြီးရင် အကောင်းတွေ လာလိမ့်မယ်ဆိုတဲ့
ခံယူချက်နဲ့ အဆိုးဒဏ်ကို ကြံ့ကြံ့ခံပြီး
အကောင်းတွေပဲ ဖိလုပ်သင့်ပါတယ်။
အကောင်းတွေ လုပ်နေရင်း အဆိုးတွေ
ကြုံခဲ့ရင်တောင် တအားဆိုးဆိုးဝါးဝါးတော့
မဖြစ်နိုင်ပါဘူး။ ဒီလိုမဟုတ်ဘဲ အဆိုးတွေကြုံလို့
သူများအားကိုးပြီး ခိုင်းတဲ့အတိုင်းလိုက်လုပ်မိရင်
အဆိုးတွေဟာ ပိုပြီးဆိုးလာတတ်ပါတယ်။
အပါယ်လားစေနိုင်တဲ့ အဆိုးတွေအထိ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ခိုက်တယ်ဆိုတာ ရုပ်ပွားဆင်းတုတော်က
ခိုက်တာမဟုတ်ပါဘူး။ ကိုယ့်လုပ်ရပ်တွေက
ကိုယ့်ကို ပြန်ခိုက်စေတာ ဖြစ်တဲ့အတွက်
အခိုက်အတန့် အဆိုးတွေနဲ့ ခိုက်တဲ့အချိန်မှာ
ကိုယ့်ကိုယ်ကို အကောင်းတွေပဲ ဖိလုပ်နေဖို့လိုပါတယ်။
အဲဒီလိုမဟုတ်ဘဲ ကိုယ့်ကိုယ်ကို မပြုပြင်၊
အကောင်းတွေနဲ့ မပြင်ဆင်ဘဲ သူများအားကိုပြီး
ဗေဒင်ဆရာမေးတဲ့အဆင့် ရောက်သွားမယ်ဆိုရင်တော့ ဘုရားဆင်းတုတော်တွေပါ စွန့်ခိုင်းတတ်ကာ
အပါယ်အထိရောက်အောင် ထိုပုဂ္ဂိုလ်များက
ရိုက်တတ်တဲ့အတွက် ဗေဒင်ဆရာရိုက်မှာကို
သတိပြုဆင်ခြင်ကြဖို့ မှားတတ်တဲ့ အမှားတစ်ခု
အဖြစ်သတိပေး တင်ပြလိုက်ပါတယ်။

မေတ္တာဖြင့် ...
-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】

သီလ သမာဓိ ပညာ

ကိုယ့်ကြောင့်သူများဘာမှမဖြစ်အောင်နေတာသီလ

သူများကြောင့်ကိုယ်ဘာမှမဖြစ်တာသမာဓိ

ခုလည်းမှန် နောင်လည်းမှန်သူများလည်းမှန်

ကိုယ်လည်းမှန်အောင်စဉ်းစားတာ ပညာပါ။

Saturday, 1 March 2014

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စား တတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆို တတ်ကြပါတယ်။

သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စား ပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

(1) အစာခြေ လမ်းကြောင်း စနစ်ကို ကျန်းမာစေပါတယ်

ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝ မပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင် ပါတယ်။ ကိုက်လန် တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်း ဆောင်တာကို ကောင်းမွန် စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ် ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ် ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးကို ကောင်းစေတဲ့ အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမား ရောဂါ ခံစား နေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(4)ကင်ဆာ အမျိုးမျိုးကို ကာကွယ် ပေးပါတယ် ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက် တို့လို အင်တီ အောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီ အောက်ဆီးဒင့် တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

(5)ရောင်ရမ်းမှုကို လျော့ကျစေပါတယ် ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာ တစ်မျိုးပါ။ ကိုက်လန် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ် ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ် ရောင်ရမ်းနာ၊ ပန်းနာ ရင်ကျပ် ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန် ပေးနိုင်စွမ်း ရှိပါတယ်။

(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ် ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာ စေတဲ့ အစွမ်း ရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်း မကောင်းတဲ့ ကိုလက် စထရောကို လျော့ကျ စေနိုင် ပါတယ်။

(7) အမြင်အာရုံကို ကောင်းမွန် စေပါတယ် ကိုက်လန်မှာ ဗီတာမင်အေ များစွာ ပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန် စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ် ပေးပါတယ်။

(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန် စေပါတယ် ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင် တာကြောင့် ကိုယ်ခံ စွမ်းအားစနစ်၊ ဇီဝရုပ် ဖြစ်ပျက်မှုနဲ့ ရေဓာတ် ပြည့်ဝမှုတို့ကို အားပေး ထောက်ပံ့နိုင်စွမ်း ရှိပါတယ်။

(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ် ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင် တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်း ပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။

(10) ကိုယ်တွင်း အဆိပ်တွေကို ကင်းစင် စေပါတယ် ကိုက်လန်ကို အဆိပ် ဖယ်ရှား ပေးနိုင်တဲ့ အစာလို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင် နေတာကြောင့် ကိုယ်ခန္ဓာတွင်း ရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာ စေပါတယ်။

ကြယ်စင်

Good Health