Sunday, 2 March 2014

ကျောင်းသားတွေအလုပ်လုပ်ကြတဲ့ဒိန်းမတ်နိုင်ငံ

"သမီးအလုပ်သွားလိုက်အုံးမယ်" ၆တန်းကျောင်းသူ ၁၃ နှစ်ကျွန်တော်တို့သမီးကသူအလုပ်သွားခါနီး မိဘကိုနှုတ်ဆက်လိုက်တာပါ။  အခုဆိုဒီဒိန်းမတ်နိုင်ငံမှာသမီးကသူ့နွေရာသီ ကျောင်းပိတ်ရက်တွေမှာ
အလုပ်လုပ်လာတာ ၄နှစ်ရှိလို့ သမီးတောင် ၁၀ တန်းတက်နေပါပြီ။
"အေးအေးအလုပ်ကိုဂရုတစိုက်နဲ့စေတနာထားလုပ်နော်သမီး" ကျွန်တော့်ဖေဖေမှာလေ့ရှိတဲ့အတိုင်း
အခုဖေဖေမရှိတော့ပေမယ့်ကျွန်တော်ကသမီးကိုတဆင့်မှာလိုက်ရပြန်ပါတယ်။

ကြုံ ကြိုက်လို့ပြောရရင်ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာစေတနာထားလုပ်ခြင်းဟာဘယ်တော့မှ အချည်းနှီးမဖြစ်ပါဘူး။ ကျွန်တော်ဒိန်းမတ်မရောက်ခင်မလေးရှားကစားသောက်ဆိုင်တစ်ခုမှာအလုပ်ဝင်
လုပ်တုန်းကဖေဖေမှာတဲ့အတိုင်းစေတနာထားလုပ်ပါတယ်။ နားချိန်လေးတွေမှာတောင်ဆိုင်အပြင်မှာ
အမှိုက်တွေတွေ့ရင်ရှင်းပေးတတ်ပါတယ်။  ၂လ၊ ၃လလောက်ကြာတော့ဆိုင်ရှင်က၀န်ထမ်းအားလုံးနဲ့ဆိုင်
တဲ့ဘောက်ဆူးငွေ ခွဲပေးတဲ့အခါမှာကျွန်တော့်အတွက် မလေးငွေ ၁၀၀ကိုအရင်ဖယ်ပြီးမှ ကျန်ငွေကို
ကျွန်တော်အပါအ၀င်ဝန်ထမ်းအားလုံးကိုခွဲပေးပါတယ်။ ကျွန်တော်ကညင်းပေမဲ့ လစဉ်အစဉ်အလာလို
ဖြစ်သွားတာအဲဒီဆိုင်မှာကျွန်တော်အလုပ်လုပ်ခဲ့တဲ့၂နှစ်လုံးပါဘဲ။
ကျွန်တော့်ဇနီးကပိုပြီး ကျွန်တော့်ဖေဖေမှာလေ့ရှိတဲ့စကားကိုလိုက်နာပါတယ်။ သူက ဒီမှာကျန်းမာရေး
စောင့်ရှောက်မှုကောလိပ်တက်တော့သူတို့ကျောင်းသူကျောင်းသားတွေ ၆လစာတွေ့နဲ့ ၆လလက်တွေ့
အနေနဲ့သက်ဆိုင်ရာဘိုးဘွားဂေဟာတွေမှာလုပ်အားပေးဆင်းရပါတယ်။ ကျောင်းပြီးလို့အလုပ်ရှာကြ
ရတဲ့အခါမှာတော်တော်များများအလုပ်မရကြပါဘူး။ ကျွန်တော့်ဇနီးကတော့သူလုပ်အားပေးဆင်းခဲ့တဲ့
ဘိုးဘွားဂေဟာမှာအလုပ်တန်းရခဲ့ပါတယ်။ အဲဒီဂေဟာက၀န်ထမ်းတွေလျှော့ချနေတဲ့အချိန်ဖြစ်ပေမဲ့
ဂေဟာအုပ်ချုပ်သူကနေဖြစ်အောင်အလုပ်ခန့်ခဲ့လို့အဲဒီဂေဟာမှာဘဲအလုပ်ဝင်နေတာအခုဆို ၃နှစ်ရှိ
ပါတော့မယ်။
ပြောချင်တာကအခွင့်အရေးမျှော်ကိုးပြီးအလုပ်လုပ်ကြဖို့မဟုတ်ပါ။ အလုပ်မှာစေတနာထားဆောင်ရွက်
ကြဖို့သာဆိုလိုရင်းပါ။ စေတနာထားအလုပ်လုပ်တဲ့အလုပ်သမားကိုအလုပ်ရှင်ကချစ်သလို စေတနာထား
ဆောင်ရွက်တဲ့အစိုးရတိုင်းကိုလဲပြည်သူကချစ်ပါတယ်။

ဒိန်းမတ်နိုင်ငံမှာကလေးတွေကိုငယ်ငယ်ကထဲကကိုယ့်အားကိုယ်ကိုးတတ်အောင်၊ လုပ်အားကိုချစ်မြတ်နိုး
တတ်အောင် မူကြိုကနေ ၆နှစ်ပြည့် ပြီးကျောင်းစတင်တက်တဲ့အရွယ်ကစလို့ပျိုးထောင်ပေးခဲ့တာကိုတွေ့ရ
ပါတယ်။ အများနဲ့ပူးပေါင်းလုပ်ဆောင်တတ်အောင်လဲ သင်ခန်းစာတွေသင်တဲ့အခါမှာ အုပ်စုလိုက်အမြဲ
ဆောင်ရွက်စေပါတယ်။
ဒီနိုင်ငံမှာကလေးတွေလမ်းဘေးမှာဈေးရောင်းနေကြတာပုံမှန်တွေ့ရတဲ့မြင်ကွင်းတစ်ခုပါ။ ကျွန်တော်တို့
နိုင်ငံလိုဝမ်းရေးအတွက်ကလေးတွေအလုပ်လုပ်နေရသလိုမျိုးတော့မဟုတ်ပါဘူး။ အစကောင်း၊စနစ်ကောင်း
ခဲ့လို့ဒိန်းမတ်နိုင်ငံမှာဆင်းရဲချမ်းသာကွာခြားမှုမရှိပါဘူး။ မိဘက ကလေးတွေကိုလိုအပ်တာထက်ပိုတဲ့
မုန့်ဘိုးတွေပေးတဲ့ဓလေ့လဲမရှိပါဘူး။ ကလေးတွေသူတို့အပိုသုံးချင်ရင်သူတို့ဘာသာလုပ်အားတန်ဘိုးသိ
အောင်ရယ်၊ အလုပ်ဟူသမျှဂုဏ်ရှိစွဆိုတာရင်ထဲထိရောက်အောင်ရယ် လေ့ကျင့်ပေးပါတယ်။

                                           ဈေးရောင်းနေကြသော၁၂နှစ်အောက်ကလေးများ

ဒိန်းမတ်မှာနွေဦးမှရောက်ပြီဆိုရင် အဟောင်းဈေးခင်းလေးတွေ အလျှို လျှို  ပေါ်လာတတ်ပါတယ်၊
ကိုယ်မကြိုက်တော့တဲ့ပစ္စည်းဖြစ်ဖြစ် အသုံးမလိုတော့တဲ့ပစ္စည်းဖြစ်ဖြစ်ဈေးနှုန်းသက်သက်သာသာနဲ့
ပြန်ရောင်းကြတာပါ။ အသစ်နီးပါးပစ္စည်းလေးတွေ အ၀တ်အစားလေးတွေချည်းပါဘဲ။                 
ကလေးတွေကလဲအရုပ်အသစ်ထပ်ဝယ်ဘို့ သူတို့အရုပ်အဟောင်းလေးတွေချရောင်းနေကြတာ
တွေ့ရပါတယ်။ ဆယ်ကျော်သက်အပျိုအရွယ်ခလေးမလေးတွေလည်းသူတို့ အ၀တ်အစားလေးတွေချရောင်း
နေကြတာဈေးခင်းမှာတွေ့ ရမှာပါ။ရှက်ရွံ့မှုဆိုတာသူတို့ မသိပါဘူး၊ အလုပ်ဟူသမျှဂုဏ်ရှိစွဆိုတာသာသူတို့ ခေါင်းထဲမှာရှိပါတယ်၊

ကျွန်တော်ငယ်ငယ် ၄ တန်းတုန်း(၁၉၇၀ ၀န်းကျင်)ကစာအုပ်အဌားဆိုင်လေးဖွင့်တာအမှတ်ရမိပါတယ်၊
စွန်ရစ်လုံးအသစ်ဝယ်ချင်လို့  ကျွန်တော့်ဖေဖေက အကြံပေးတာပါ၊
ရန်ကုန်၊ ဘောက်ထော်က သုခိတာလမ်း အိမ်ရှေ့လမ်းမဘေးမှာ ဖျာလေးခင်းပြီးတော့အဖေ့စာအုပ်တွေ
ကော၊ ကျွန်တော့်ကိုဖေဖေ၀ယ်ပေးထားတဲ့ ဂယက်နီ၊ ကွန်းဇော် တို့ရေးတဲ့စာအုပ်တွေအပါအ၀င် ဒို့ ကျောင်းသား၊ တေဇ၊ ရွှေသွေး မကျန် ထိုင်ဖတ် ၅ ပြားနဲ့ အိမ်ဌားရင်တော့စာအုပ်အလိုက် ၁၀ပြား၊ ပြား ၂၀ ယူပါတယ်။ဒါပေမဲ့ကြီးလာတော့ အသက် ၃၀ လောက်ထိ ကျောင်းသားလုပ်စားတာပါဘဲခင်ဗျား။

ဒိန်းမတ်နိုင်ငံမှာအသက် ၁၂ နှစ်ပြည့်ရင် တရားဝင်အလုပ် လုပ်လို့ ရပါပြီ။အစိုးရကလဲ ၁၈ နှစ်အထိ သူတို့ ဆီက ၀င်ငွေခွန် မစည်းကြပ်ပါဘူး။ဒါကြောင့် ဒီက ကလေးတွေကျောင်းတစ်ဘက်နဲ့  အချိန်ပိုင်းအလုပ်တွေဝင်နေကြပါပြီ။ သတင်းစာ၊ ကြော်ငြာ လိုက်ထဲ့ကြမယ်၊ စူပါမကက် တွေ၊ စားသောက်ဆိုင်တွေမှာ ၀င်ငွေရှာနေကြပါပြီ။ အလုပ်ရှင်တွေကလဲသူတို့အတွက်ဝင်ငွေခွန်မပေးရတော့
အချို့ စူပါမကက်တွေ၊ ဆိုင်တွေဆိုရင် ၁၈နှစ်အောက်ကိုဦးစားပေးခန့်ကြပါတယ်။
လစာကတော့လူကြီးတွေနည်းတူသူတို့ ရပါတယ်။

ဒိန်းမတ်မှာသာမန်အလုပ်သမားတစ်ဦးအတွက်လုပ်အားခကိုတစ်နာရီ ဒိန်းမတ်ခရိုနာ ၁၀၀ ၀န်းကျင်
အစိုးရကသတ်မှတ်ထားပေးပါတယ်။ အလုပ်ရှင်ကအဲဒီအလုပ်သမားအတွက်ဝင်ငွေခွန် ၃၇ရာနှုန်းဆောင်
ပြီးမှလစာပေးရတာဆိုတော့အလုပ်သမားတစ်ဦးဟာဝင်ငွေခွန်ဆောင်ပြီးလက်ထဲကိုခရိုနာ၆၀ (၁သောင်းကျပ်ဝန်းကျင်) တစ်နာရီအတွက်ရပါတယ်။ ၁၈ နှစ်အောက်ဆိုရင်တော့ဝင်ငွေခွန်ဆောင်စရာ
မလိုတဲ့အတွက် အလုပ်ရှင်ကသူတို့ကိုတစ်နာရီအတွက် ခရိုနာ ၆၀ ပေးရုံဘဲဖြစ်ပါတယ်။ အလုပ်ရှင်အတွက်
၃၇ ရာခိုင်နှုန်းသက်သာပြီးကျောင်းသားလူငယ်တွေအတွက်အလုပ်အကိုင်အခွင့်အလမ်းပေါအောင်
ဆောင်ရွက်ထားတာဘဲဖြစ်ပါတယ်။
                                         အချိန်ပိုင်းအလုပ်လုပ်နေတဲ့ ၁၈နှစ်အောက်ကျောင်းသူ

ဒီနိုင်ငံမှာကျောင်းသားကျောင်းသူတွေအလုပ်လုပ်ကြတာဟာအစဉ်အလာတစ်ခုဖြစ်နေပါပြီ။ ကျွန်တော်
တို့သမီးတောင်အစဉ်အလာအတိုင်း ၁၂နှစ်သမီးကထဲကအလုပ်လုပ်ခိုင်းမလို့ဟာ သူ့အမေက
"တော်တောင်မြန်မာပြည်မှာကျောင်းပြီးသည်အထိအလုပ် လုပ်ခဲ့လို့လား" ပြောလို့ ၁၃ နှစ်ရောက်ခါမှဘဲ
သူ့အမေကအိမ်နားကစားသောက်ဆိုင်တစ်ဆိုင်မှာအချိန်ပိုင်းအလုပ်ဝင်စေပါတယ်။ ဒါတောင်စာမလိုက်
နိုင်မှာစိုးလို့နွေတစ်လကျောင်းပိတ်ရက်တွေမှာဘဲတစ်ပါတ်ကို ၄၊၅၊၆ ရက်လုပ်စေပါတယ်။ တစ်နေ့ကို ၅နာရီ
ဝန်းကျင်လုပ်ရပြီးတစ်ပါတ်ကို ၂၅နာရီဝန်းကျင်သမီးအလုပ်လုပ်ရပါတယ်။ အလုပ်ရှင်တွေကလဲဈေးသက်သာ
ပေမဲ့ လူကြီးတွေလို ၈နာရီထိခိုင်းလေ့မရှိပါဘူး။ သမီးကအဲဒီဆိုင်မှာရေခဲမုန့်ရောင်းရပါတယ်။ အားရင်အား
သလို လိုတဲ့နေရာတွေမှာကူရပါတယ်။ သူ့လုပ်အားနဲ့ရတဲ့ဝင်ငွေလေးတွေကိုအမြတ်တနိုးထားတတ်လာပြီး
သူဝယ်ချင်တာရှိရင်ဝယ်လို့ရတဲ့အတွက်မိဘကိုလဲအထောက်အကူအများကြီးဖြစ်စေပါတယ်။
အခုလာမယ့်နွေမှာတော့သမီးလုပ်နေတဲ့ဆိုင်ကလဲမရှိတော့ဘဲသူလဲ ၁၈နှစ်ပြည့်တော့မှာဆိုတော့ အလုပ်လေးတွေခုကထဲကကြိုရှာထားနေရပါတယ်။ အလုပ်လုပ်ရင်ဝင်ငွေခွန်ဆောင်ရတော့မယ်လေ။

ဒီနိုင်ငံရဲ့အခြေခံပညာရေးစနစ်ဟာကျောင်းချိန်မှာကျောင်းတက်၊အိမ်စာကိုတစ်နေ့နာရီဝက်တစ်နာရီလောက်
လုပ်ရင်ဘဲလုံလောက်တာမို့ ဒိန်းမတ်ကျောင်းသူကျောင်းသားအများစုကတော့ ကျွန်တော်တို့သမီးလိုကျောင်း
ပိတ်ရက်မှမဟုတ်ဘဲကျောင်းဖွင့်ရက်တွေမှာပါအချိန်ပိုင်းအလုပ်လုပ်နေကြပါတယ်။ ဥပမာ ကျောင်းက
နေ့ခင်း ၂နာရီဆင်းပြီဆိုရင်သူတို့တွေ ၃နာရီ၊ ၄နာရီကစပြီး ည၇နာရီ၊ ၈နာရီအထိအလုပ်လုပ်ကြပါတယ်။
စနေ၊ တနင်္ဂနွေပါလုပ်ကြပါတယ်။ သူတို့အလုပ်လုပ်ထားတဲ့ဝင်ငွေလေးတွေနဲ့သူတို့ဝယ်ချင်တာဝယ်မယ်၊
ခရီးသွားချင်သွားမယ် စသဖြင့်သုံးကြပြီးမိဘကိုပူဆာနေဖို့မလိုတော့ပါဘူး။ မိဘပိုက်ဆံရှိတာ၊ မရှိတာ
သူတို့နဲ့မဆိုင်ပါဘူး။ ဒီနိုင်ငံရဲ့သန်းကြွယ်သူဌေးကြီးတစ်ဦးရဲ့သမီးလဲ ၁၂ နှစ်ကထဲကအလုပ်လုပ်ခဲ့ကြောင်း
သိရပါတယ်။
                                                ပုဂံဆေးလုပ်နေတဲ့ဒိန်းမတ်ကျောင်းသား

ကလေးတွေအလုပ်လုပ်နေကြလို့ဒီနိုင်ငံအစိုးရကကလေးလူငယ်တွေကိုပစ်ထားတယ်တော့မထင်ပါနဲ့။
ဒီနိုင်ငံက ကလေးတွေကမွေးကထဲကထောက်ပံ့ကြေးရတာဟာ၁၈နှစ်ပြည့်သည်ထိပါဘဲ။ မိဘနဲ့အတူနေ
ကြတဲ့အတွက်မိဘကိုပေးတာဖြစ်ပါတယ်။ ဒါကြောင့်သူတို့အပိုသုံးချင်တဲ့အခါမှာသုံးစွဲဖို့ရအောင်သူတို့
ဘာသာအလုပ်လုပ်ပြီးရှာကြတာဖြစ်ပါတယ်။
၁၈နှစ်ပြည့်ပြန်ရင်လဲကျောင်းဆက်တက်ဖို့အတွက်ကျောင်းစားရိတ်ထောက်ပံ့ကြေးငွေကိုကျောင်းသား
တိုင်းရပါတယ်။ အပိုသုံးစွဲနိုင်လောက်အောင်မပေးထားပေမဲ့သင့်တင့်လုံလောက်တဲ့အတိုင်းအတာအထိ
သူတို့ရကြပါတယ်။ ဒါပေသိသူတို့တွေအလုပ်လုပ်ပြီးငွေရှာ၊ ငွေစုကြပါတယ်။
ပြောရရင်ဒီနိုင်ငံကလူငယ်တွေအရက်စွဲတာတို့၊ မူးယစ်ဆေးဝါးစွဲတာတို့မရှိသလောက်ပါဘဲ။ သူတို့မပျော်ကြ
ဘူးလား၊ မသောက်ကြဘူးလားဆိုရင်တော့ ကျောင်းပိတ်ရက်၊ သောကြာညနေမျိုးမှာပျော်ကြသောက်ကြပါ
တယ်။ ဒီထက်ပိုဖို့လဲအနေအထားကိုက သူတို့ကိုသူတို့ခွင့်မပြု တာတွေ့ရပါတယ်။ နောက်ရက်တွေမှာ
ကျောင်းပြန်တက်ရမယ်၊ အလုပ်ဝင်ရမယ်ဆိုတဲ့အသိတွေကသူတို့ကိုထိန်းထားပါတယ်။
နောက်တစ်ချက်ကဒီနိုင်ငံတွေမှာ ၁၈နှစ်ပြည့်ရင်မိဘအိမ်ကနေပြောင်းကြပါပြီ။ ယောက်ကျားလေး
တော်တော်များများက ၁၈နှစ်ပြည့်အောင်တောင်မစောင့်ကြတော့ဘဲ ၁၇နှစ်ဆိုရင်မိဘအိမ်ကနေဆင်း
ကြပါပြီ။ အဆောင်တွေမှာဌားနေပြီး ကျောင်းဆက်တက်သူတက်၊ လုပ်ငန်းခွင်ဝင်တဲ့သူဝင်နဲ့ ကိုယ့်
ခြေထောက်ပေါ်ကိုယ်မားမားရပ်ကြပါပြီ။ မိဘတွေမှာလဲသူတို့အတွက်တာဝန်မရှိတော့ပါဘူး။
တစ်ချို့လူငယ်တွေဆိုရင်ငယ်ငယ်ကထဲကငွေစုခဲ့ကြတာကြောင့်အသက် ၂၀ ၀န်းကျင်ဆိုရင်သူတို့ကိုယ်ပိုင်
ငွေနဲ့ကားဝယ်၊ အိမ်ဝယ်နိုင်ကြတာတွေ့ရပါတယ်။
                                             ကျောင်းအားချိန်အလုပ်ဝင်နေကြတဲ့လူငယ်တွေ

ဒီနိုင်ငံမိဘတိုင်းဟာ ကျွန်တော်တို့နိုင်ငံကမိဘတွေလိုသားသမီးတွေအတွက်ဝန်မကြီးတာကိုတွေ့ရပါတယ်။
ခေတ်နဲ့စနစ်နဲ့နိုင်ငံအခြေအနေတွေကလူငယ်တွေရဲ့ဘ၀ဖြတ်သန်းရမှုကိုပြဌာန်းသွားတယ်လို့ဆိုလို့
ရပါတယ်။
ကျွန်တော်လေ့လာတင်ပြနေတာတွေဟာ ဒီနိုင်ငံကအခြေအနေတွေကိုအထင်တကြီးနဲ့ရေးသားနေခြင်း
ဆိုတာထက် မိမိနိုင်ငံအနေနဲ့သင့်တော်တဲ့ အတုယူသင့်တဲ့အချက်တွေကိုထုတ်ယူဆောင်ရွက်နိုင်ကြအောင်
ရည်ရွယ်ရင်းပါ။
ကျွန်တော်တို့လူမျိုးကပျင်းတဲ့လူမျိုးမဟုတ်သလို လူငယ်တွေကလဲအလုပ်လုပ်ရမှာပျင်းတဲ့နိုင်ငံမဟုတ်ပါ။
အလုပ်မှာစေတနာထားလုပ်တတ်တာကိုကသူများနိုင်ငံတွေထက်ပိုပါတယ်။ ဒါကြောင့်လဲအခြေအနေအရ
နိုင်ငံရပ်ခြားမှာအလုပ်သွားလုပ်ကြရတဲ့ကျွန်တော်တို့နိုင်ငံသားတွေဟာနံမည်ကောင်းရကြပြီး၊ အလုပ်ရှင်
တွေရဲ့အားထားခြင်းကိုခံကြရတာတွေ့ရပါတယ်။ ဖြစ်နိုင်ရင်ဒီလူငယ်တွေဟာကိုယ့်နိုင်ငံမှာဘဲမိဘနဲ့အတူ
အိုးမကွာအိမ်မကွာအလုပ်လုပ်ချင်ကြသူတွေချည်းပါဘဲ။ နိုင်ငံတော်မှာလဲလူသားအရင်းအမြစ်လုပ်အားတွေ
ဆုံးရှုံးနေတာကိုအထူးသတိပြုရပါ့မယ်။
ကျွန်တော်တို့နိုင်ငံမှာလဲဝမ်းရေးကြောင့်ကလေးတွေအလုပ်လုပ်နေကြတာတွေရှိပါတယ်။ လွန်ခဲ့တဲ့နှစ် ၄၀
ဝန်းကျင်ကတော့ ၁၀နှစ်ဝန်းကျင်ကလေးတွေရထားဘူတာတွေမှာ ရေလိုက်ရောင်းကြတယ်၊ အကြော်စုံ
လိုက်ရောင်းကြတယ်။ တစ်ချို့ကလေးတွေပလပ်စတစ်လိုက်ကောက်နေကြပါတယ်။ ကျွန်တော်တို့ကသူတို့
လုပ်အားကိုအသိအမှတ်ပြုပေးဖို့လိုသလိုနိုင်ငံတော်ကလဲဒီလိုကလေးတွေအတွက်သင့်တော်တဲ့အလုပ်
အကိုင်အခွင့်အလမ်းတွေဖေါ်ဆောင်ပေးဖို့လိုပါတယ်။
ရန်ကုန်မှာဝမ်းရေးကြောင့်ပလပ်စတစ်ကောက်နေကြရတဲ့ကလေးတွေကိုထမိန်ရုတ်မှာစိုးပြီးမောင်းထုတ်
နေကြတော့ဒီကလေးတွေရဲ့စိတ်မှာအနာရသွားပြီးသူတို့ရဲ့ရှေ့ရေးဟာရင်လေးစရာပါ။ အလုပ်လုပ်နေကြ
တဲ့ကျွန်တော်တို့နိုင်ငံက ကလေးတွေသူတို့အလုပ်ကိုသူတို့ဂုဏ်ယူတတ်အောင်ကျွန်တော်တို့တွေက၀ိုင်းဝန်း
ဖေးမကြရပါ့မယ်။
ကျွန်တော် ၄တန်းတုန်းက အလက(၄)ရန်ကင်းမှာတက်ပါတယ်။ ကျွန်တော်တို့အတန်းထဲမှာတင်လှိုင်က
ရေခဲချောင်းရောင်းရင်းကျောင်းတက်ရပါတယ်။ သူ့အဖေကရိုးသားတဲ့ပြည်သူ့ရဲဝန်ထမ်းဖြစ်ပြီးဘောက်ထောက်ဘောလုံးကွင်းဘေးကရဲတန်းလျားမှာနေကြတာပါ။
သူ့အောက်မှာလူမမယ်အရွယ်၃ ယောက်တောင်ရှိလို့တင်လှိုင်ကအလုပ်လုပ်ရင်းကျောင်းတက်ရတာဖြစ်ပါတယ်။ မိဘတော်တော်များများကတင်လှိုင်ကိုနှိမ်ချဆက်ဆံတာတွေ့ရပြီး မိဘရိုးသားမှုအပေါ်သားသမီးတွေက
အပြစ်မြင်သလိုတောင်ဖြစ်တတ်တဲ့စနစ်ကိုလဲအထူးသတိပြုဆင်ခြင်စရာဖြစ်ပါတယ်။
ကျွန်တော်အဖေကတော့တင်လှိုင်ကိုချီးမွမ်းတဲ့အပြင်မကြာခဏဗလာစာအုပ်လေးတွေလက်ဆောင်
ပေးတတ်ပါတယ်။ အတန်းပိုင်ဆရာမဒေါ်ခင်စောဝင်းကလဲ ကျောင်းနောက်ကျတတ်တဲ့တင်လှိုင်ကိုပိုဂရုစိုက်
ပြီးသင်ကြားပြသပေးတတ်ပါတယ်။
ဒိန်းမတ်နိုင်ငံမှာကလေးတွေကျောင်းသားတွေသူတို့နိုင်ငံအခြေအနေအရအလုပ်လုပ်နေကြသလို ကျွန်တော်တို့နိုင်ငံမှာလဲကလေးတချို့နဲ့ကျောင်းသားတချို့ တွေ နိုင်ငံအခြေအနေအရရော၊ ၀မ်းရေးအရပါ
အလုပ်လုပ်နေကြရတာတွေရှိနေပါတယ်။ သူတို့ဟာကျွန်တော်တို့နိုင်ငံအတွက်စံပြလုပ်သားသူရဲကောင်း
လေးတွေပါ။
အချုပ်ဆိုရရင်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ကလေးလူငယ်တွေအတွက်အဓိကကျတဲ့ကျောင်းစာလဲမလစ်ဟင်း
စေဘဲမိဘများအတွက်လဲအထောက်အကူဖြစ်၊ လမ်းမှားလဲမရောက်အောင်ထိန်းရာရောက်တဲ့သင့်တော်တဲ့
အလုပ်အကိုင်အခွင့်အလမ်းတွေဖေါ်ဆောင်ပေးမယ်၊ ကျောင်းသားလူငယ်တွေအလုပ်လုပ်ကြတာကို
ဝိုင်းဝန်းအားပေးကြမယ်ဆိုရင်ဖြင့်နိုင်ငံတော်အတွက်အကျိုးဖြစ်စေမှာမို့နမူနာကောင်းအနေနဲ့
တင်ပြလိုက်ရကြောင်းပါခင်ဗျား။              
                                         
မင်းမော်လှမြင့်(YSO,PKU)




                                                                                                            
                                                                                                           






No comments:

Post a Comment