Friday, 12 July 2013

မြတ်ဗုဒ္ဓ ကိုယုံကြည်ကိုးကွယ်လာသော ဒိန်းမတ်နိုင်ငံကဇနီးမောင်နှံ။


ကျွန်တော်ရဲ့ ဇနီးသည်တာဝန်ထမ်းဆောင်နေတဲ့ဒိန်းမတ်က (Gilleleje) ဂီလာလိုင်းမြို့ လေးရဲ့ ဘိုးဘွားဂေဟာမှာကြုံတွေ့ရတဲ့အကြောင်းလေးဖြစ်ပါတယ်။
ဒီနိုင်ငံမှာကအရွယ်ရောက်လာရင် မိဘတွေနဲ့ အတူနေထိုင်ကြတဲ့ ဓလေ့မရှိတာကြောင့်
လူငယ်တိုင်းဟာ၁၈နှစ်ပြည့်တာနဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်လို့သီးခြားနေထိုင်ကြပါပြီ။
အိမ်ထောင်ကျပြီးမိဘနဲ့အတူလုံးဝမနေကြတော့ပါဘူး။

ဒါကြောင့်မို့လို့အသက်အရွယ်ကြီးလာသူတွေဟာ မိမိတို့ ကိုယ်ပိုင်အိမ်လေးတွေမှာဘဲ စုံတွဲ(သို့ )တစ်ဦးတည်းနေထိုင်ရင်း ဘ၀နေညိုချိန်ကိုဖြတ်သန်းကြရလေ့ရှိပါတယ်။
သားသမီးတွေကလည်းမိဘတွေအိမ်ကို တစ်ပတ်တစ်ကြိမ်လာလည်နိုင်ကြတာအများဆုံးပါ။
ကျွန်တော်တို့နိုင်ငံလိုမိသားစုသိုင်းသိုင်းဝိုင်းဝိုင်းနေလေ့မရှိကြတာကြောင့်
အနီးကပ်ကျန်းမာရေးစောင့်ရှောက်ဖို့လိုအပ်လာပြီဆိုရင်တော့အုပ်ချုပ်ရေးပိုင်းကစီစဉ်မှုနဲ့ 
သူတို့ ကိုအိမ်မှာနေခွင့်မပေးတော့ဘဲသက်ဆိုင်ရာဘိုးဘွားဂေဟာတွေမှာနေထိုင်ကြရပါတော့တယ်။
                   
သားသမီးတွေကတစ်လ၊ နှစ်လမှာမှတစ်ကြိမ်တောင်အနိုင်နိုင်လာတွေ့ လေ့ရှိကြတဲ့
ဘိုးဘွားဂေဟာမှာ အသက် ၅၀ ကျော်ဇနီးမောင်နှံကတော့ သူတို့ ရဲ့မိခင်အိုကြီး
ဒေါ်အင်ဂါ(Ingar) အသက် ၈၅ နှစ်ဆီကို တစ်ပတ်အတွင်းမှာဘဲ ၃၊ ၄ကြိမ်လာပြီး
ပြုစုစောင့်ရှောက်ကြတာတွေ့ ရပါတယ်။ အမျိုးသားက ပိုလန်လူမျိုးဖြစ်ပြီး သမီးဖြစ်သူက ဒိန်းမတ်သူဖြစ်ပါတယ်။ ကောလိပ်တစ်ခုမှာဆရာမလုပ်နေကြောင်းသိရပါတယ်။

မိဘလိုသဘောထားပြုစုစောင့်ရှောက်တတ်တဲ့ကျွန်တော်ရဲ့ဇနီးကို မြန်မာနိုင်ငံကမှန်းသိသွားတဲ့အခါမှာ
သူတို့ ပြောပြတဲ့အကြောင်းလေးတွေကိုတဆင့်ဖေါက်သည်ချလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၈နှစ်တုန်းက သူတို့ ၂ ယောက်စလုံးဟာ တစ်ခြားဘာသာဝင်တွေဖြစ်ခဲ့ပြီး
ဘာသာမဲ့ဘ၀ကိုရောက်တော့မယ့်ဆဲဆဲမှာ ဗုဒ္ဓ နဲ့ ပတ်သက်တဲ့စာတွေကိုလေ့လာ
ဖတ်ရှုခဲ့ကြပါတယ်တဲ့။ဗုဒ္ဓ ရဲ့ စကြာဝဠာအမြင်(Cosmology) ကိုလက်ခံမိပြီး
အလွန်တော်တဲ့အတွေးအခေါ်ပညာရှင်ကြီးအဖြစ်(Greatest Philosopher) နဲ့ ဘဲ
အစမှာလေးစားခဲ့ကြပါတယ်တဲ့။
ဆက်ပြီးလေ့လာရင်း ဗုဒ္ဓရဲ့အဆုံးအမနဲ့ဟောပြောချက်တွေဟာဗုဒ္ဓဘာသာဝင်တွေအတွက်သာ
မဟုတ်ဘဲကမ္ဘာပေါ်မှာရှိတဲ့လူသားအားလုံးအတွက်အမှန်ဆုံးတရားတွေကိုတွေ့ရှိလမ်းညွှန်
ပေးခဲ့တာကိုတဖြေးဖြေးသူတို့သဘောပေါက်လာကြပါတယ်တဲ့။ အဲဒီနောက်ပိုင်း
ယိုးဒယားကို အလည် ၂ ပတ်သွားကြတဲ့အချိန်မှာတော့ မြန်မာဘုန်းကြီးကျောင်း နဲ့ 
အဆက်အသွယ်ရပြီး ဘယ်ကိုမှသိပ်မလည်ဖြစ်ကြတော့ဘဲ ဘုန်းကြီးကျောင်းမှာ
သူတို့ မောင်နှံရဲ့အားလပ်ရက်တွေ ကုန်ဆုံးခဲ့ကြပါတယ်တဲ့။
အဲဒီနောက်ပိုင်းမှာ သူတို့ ဇနီးမောင်နှံဟာ ဗုဒ္ဓ ကို ဘုရားရှင်အဖြစ်ကြည်ညိုကိုးကွယ်
ခဲ့တာ ၅နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်းပြောပြကြပါတယ်။

အခုလဲဘဲ အသက်အရွယ်ကြီးတဲ့မိဘအိုဆီကို အချိန်ရတိုင်း ကီလို ၆၀ ကျော်ကနေ
လာပြီး ပြုစုစောင့်ရှောက်တာဟာ မြတ်ဗုဒ္ဓ ကချီးမြှောက်တဲ့အလုပ်ဖြစ်တာကြောင့်ပါတဲ့။
ဒေါသကင်းစင်တဲ့ ဗုဒ္ဓ ရဲ့လမ်းကိုသူတို့နှစ်ထောင်းအားရရှိလှပါတယ်တဲ့။
လူသားအချင်းချင်းမေတ္တာထားကြဖို့နဲ့ကံရဲ့အကျိုးဆိုတဲ့လောကရဲ့အနှစ်သာရကိုလဲ ဗုဒ္ဓလမ်းစဉ်
မှာကြည်ညိုဘွယ်တွေ့ ရပါတယ်လို့ ပြောပြသွားကြောင်းပါခင်ဗျား။

မင်းမော်လှမြင့်(YSO,PKU)

No comments:

Post a Comment